စင်ကာပူနိုင်ငံမှာ တတိယအကြိမ်မြောက် ကျင်းပတဲ့ Asian Academy Creative Awards ဆုချီးမြှင့်ပွဲမှာ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားမှ ဆု ၃ ဆု ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။
“အခုလို အဘက်ဘက်က စိတ်ဒုက္ခရောက်နေရတဲ့အချိန်မှာ ကျနော့်ကို အားဖြစ်စေတဲ့ သတင်းတခု အားလုံးနဲ့ ဝေမျှချင်ပါတယ်။ Asian Academy Creative Awards မှာ ကျနော်တို့ရဲ့ “သူစိမ်းအိမ် – Stranger’s House” ရုပ်ရှင်ဇာတ်ကားကြီးက အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား Best Fiction ၊ ကျနော်က အကောင်းဆုံး ဒါရိုက်တာဆု၊ ကူးကူးဇင်အောင်က အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုအဖြစ်၊ National Winner များအဖြစ် အရွေးချယ်ခံရပါတယ်” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
“သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတို့ကို National Winner အဖြစ် ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

ဒါကြောင့် “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားဟာ အာရှနိုင်ငံများရဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့အတူ ဆန်ခါတင်စာရင်း ဝင်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
“အဲဒါကြောင့် အာရှအဆင့်အနေနဲ့ တခြား အာရှနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကားများနဲ့အတူ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား၊ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုတွေမှာ ဆန်ခါတင်စာရင်း ဝင်သွားပြီ ဖြစ်ပါတယ်။ ဆုပေးပွဲကတော့ ဒီဇင်ဘာမှ ကျင်းပမှာ ဖြစ်ပါတယ်။ သူစိမ်းအိမ် တဖွဲ့သားလုံးနဲ့အတူ ဂုဏ်ယူပါတယ်” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။
“သူစိမ်းအိမ်” ရုပ်ရှင်ကိုတော့ ၂၀၁၉ ခုနှစ်အတွင်းက မြန်မာနိုင်ငံမှာ ပြသခဲ့တာ ဖြစ်ပြီး သရုပ်ဆောင် လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ လင်းဇာနည်ဇော်၊ ဖွေးဖွေး၊ မြတ်နိုးအေး၊ ကူးကူးဇင်အောင်၊ ချာလီ၊ ရှိန်းတင်ထူး၊ ဂျိုကာတို့ ပါဝင် သရုပ်ဆောင်ထားပြီး Suspense, Thriller, Horror ရုပ်ရှင် အမျိုးအစား ဖြစ်ပါတယ်။
“Asian Academy Creative Awards” ဆုပေးပွဲဟာ အာရှ – ပစိတ်ဖိတ်ဒေသအတွင်းမှာရှိတဲ့ ရုပ်ရှင်နယ်ပယ်မှ ထူးချွန်သူများကို ဆုချီးမြှင့်တဲ့ပွဲဖြစ်ပြီး ဒီနှစ်အတွက် နိုင်ငံအသီးသီးမှ ကိုယ်စားပြု ဆုရရှိသူစာရင်းများ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အဆိုပါ ဆန်ခါတင် စာရင်းဝင်များအနေနဲ့ ဒီဇင်ဘာမှာ ကျင်းပမယ့် Grand Final ပွဲကြီးမှာ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒီနှစ်အတွက် မြန်မာနိုင်ငံမှ ဆု ၁၁ ဆုအတွက် စာရင်းဝင်ခဲ့ပြီး “သူစိမ်းအိမ်” ၊ “လောကကြိုးဝိုင်း” ၊ “လိပ်ပြာ (အမှန်တရားအတွက် ဓားတလက်)” ၊ “Yuri (ယူရီ)” ၊ “သို့ဖေဖေ” ဇာတ်လမ်းတို ၊ “WLC: KING OF NINE LIMB” လက်ဝှေ့ပွဲ ၊ “Mingalar Cinema Animation” တို့က ဆန်ခါတင် စာရင်းဝင်ထားတာပဲ ဖြစ်ပါတယ်။
You may also like these stories:
အကယ်ဒမီပွဲကို အွန်လိုင်းကနေ လုပ်ဖို့ အကြံပေးထားတဲ့ ကျော်သူ
မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်မှာ အနုပညာသက်တမ်း ၁၈ နှစ်ရှိပြီ ဖြစ်တဲ့ ထွန်းထွန်း
အနုပညာလောကနဲ့ ၁၁ နှစ်ကျော်ကြာ ဝေးကွာခဲ့တဲ့ မင်းထက်ကျော်ဇင်