စင်ကာပူနိုင်ငံမှာ တတိယအကြိမ်မြောက် ပြုလုပ်ခဲ့တဲ့ “Asian Academy Creative Awards 2020” ဆုရွေးချယ်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ “လောကကြိုးဝိုင်း” (Spirit of Fight) ဇာတ်လမ်းတွဲနဲ့ National Winner “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု” ရရှိခဲ့တဲ့ သရုပ်ဆောင် ခါရာက ဆုရတဲ့အတွက် ဝမ်းသာမိတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အခုလို ရတဲ့အတွက် အရမ်းဝမ်းသာတယ်။ Bonanza Production က ရိုက်ကူး ထုတ်လုပ်တဲ့ “လိပ်ပြာ – အမှန်တရားရဲ့ ဓါးတစ်လက်” က National Winners အဖြစ် Best Drama Series, Best Actress In A Leading Role, Best Theme Song နဲ့ Best Cinematography ဆု (၄) ဆု ရရှိသွားတဲ့အတွက်လည်း ထပ်တူ ဝမ်းသာမိပါတယ်”

“ကျနော်တို့ အဖွဲ့အတွက်လည်း အရမ်းဝမ်းသာသလို “သူစိမ်းအိမ်” ကိုထူးပိုင်ဇော်ဦးလည်း သူတို့ Team က ဆုတွေရလို့ အရမ်းဝမ်းသာပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အခုလို ဆုတွေ ရတဲ့အတွက် ပိုပြီး ဝမ်းသာမိပါတယ်။ ဒီလိုမျိုးပွဲတွေမှာ မြန်မာနိုင်ငံကသူတွေကို အသိအမှတ်ပြုခံလိုက်ရတယ်လို့ ခံစားရပါတယ်”လို့ ခါရာက ပြောပါတယ်။
အခုလို အသိအမှတ်ပြုခံရတဲ့အတွက်လည်း အရမ်းပီတိဖြစ်ရပြီး National Winner ဆု ရွေးချယ်ခံရသူတွေအနေနဲ့ ဒီဇင်ဘာမှာ ပြုလုပ်မယ့် Grand Final ပွဲကြီးကို ထပ်မံ ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။
“အဲ့အတွက်လည်း အရမ်းကို ပီတိဖြစ်ရပါတယ်။ အခု ကျနော်တို့က National Winner အနေနဲ့ ပဲ မြန်မာနိုင်ငံ ကိုယ်စားပြုပြီးတော့ ရွေးချယ်ခံရတာပေါ့။ ကျနော်တို့လိုပဲ ရွေးချယ်ခံရတဲ့ နိုင်ငံတွေ ရှိတယ်။ အဲ့နိုင်ငံတွေနဲ့ ကျနော်တို့က Grand Final မှာ ပြိုင်ရမှာပါ။ အဲ့ပွဲကတော့ တော်တော် ရင်ခုန်ဖို့ကောင်းတဲ့ပွဲ ဖြစ်ပါတယ်”

“ကျနော် အရမ်းတော့ မမျှော်လင့်ထားပါဘူး။ ကျနော်တို့နဲ့ ယှဉ်ပြိုင်မယ့် နိုင်ငံတွေမှာက အရမ်းကောင်းတဲ့ မင်းသားတွေလည်း ပါတော့ သူတို့နဲ့ ယှဉ်ပြိုင်ရတာကိုတင် ပီတီဖြစ်နေရပါပြီ”လို့ ခါရာက ပြောပါတယ်။
ကိုဗစ်ကာလပြီးလို့ ဇာတ်ကားတွေ ပြန်ရိုက်ရရင်လည်း ပိုပြီး ပီပြင်တဲ့ သရုပ်ဆောင် ဖန်တီးမှုတွေနဲ့ ကြိုးစားသွားမယ်လို့ ခါရာက ဆိုပါတယ်။
“နိုင်ငံတကာကို ထိုးဖောက်ဖို့ ကျနော်မှာ အိပ်မက်ရှိတယ်။ ကျနော် ကိုယ်တိုင်လည်း သင်ယူရမယ့် အပိုင်းတွေ၊ လေ့လာသင့်တာတွေ အကုန်လုံးကို လေ့လာပြင်ဆင်နေပါတယ်။ ကိုဗစ်ပြီးလို့ ဇာတ်ကားတွေ ပြန်ရိုက်ရရင်လည်း ပိုပြီး ပီပြင်တဲ့ သရုပ်ဆောင် ဖန်တီးမှုတွေ ဆက်ပြီး လုပ်သွားမှာပါ။ အဓိကက ကျနော် ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်အောင် အကောင်းဆုံး ကြိုးစားနေပါတယ်”
“အခုလို ဆုတွေရတဲ့ အတွက်လည်း လမ်းစတွေ ပွင့်သွားမယ်လို့ မျှော်လင့်မိပါတယ်။ ကျနော့်ကို အခုချိန်ထိ အားပေးနေကြတဲ့ ကျနော့် Kharreans (ခါရာရဲ့ အမာခံ ပရိသတ်တွေ)၊ ပရိသတ်တွေ အကုန်လုံး ကျေးဇူးတင်ပါတယ်။ ကျနော် စိတ်ဓာတ်ကျနေချိန်မှာ အားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ခါရာက ပြောပါတယ်။
“လောကကြိုးဝိုင်း” ဇာတ်လမ်းတွဲကို Arkar Production က ရိုက်ကူးခဲ့ပြီး Canal+ ရုပ်သံလိုင်းကနေ ပြသခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင် ခါရာကတော့ စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ကျင်းပမယ့် “Asian Academy Creative Awards 2020” Grand Final ပွဲမှာ အခြားသော နိုင်ငံများမှ National Winner များနဲ့ ဆက်လက် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။
You may also like these stories:
Asian Academy Creative Awards မှာ “သူစိမ်းအိမ်” ရုပ်ရှင် ဆု ၃ ဆု ရွေးချယ်ခံရ
“အားလုံး တက်ညီလက်ညီ စည်းကမ်းလိုက်နာမှ ကိုဗစ်ကို တိုက်ထုတ်နိုင်မှာ”