ဘောလိဝုဒ်မင်းသား Sanjay Dutt ဟာ မီဒီယာတွေရဲ့ ထုတ်ပြန်ချက်ထဲမှာ ကင်ဆာရောဂါ ခံစားနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီးတဲ့နောက် အခုတော့ အဲ့ဒီသတင်းတွေ အမှန်ပဲဆိုတာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
အသက် ၆၁ နှစ်အရွယ် မင်းသား Dutt က “ကျနော့်ဘဝရဲ့ အမာရွတ်တခုပါပဲ။ မကြာခင် ဒီကင်ဆာရောဂါကို ကျနော် အောင်နိုင်ပါတော့မယ်” လို့ သူ့ခေါင်းဘေးဘက်ကနေ ဘယ်ဖက် မျက်ခုံးနားအထိ ရှည်တဲ့ အမာရွတ်ကို ထောက်ပြရင်း ပြောဆိုခဲ့ပါတယ်။ အဲ့ဒီ ဗီဒီယိုကိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဘောလိဝုဒ် ဆံပင်ပညာရှင် Aalim Hakim က Instagram မှာ တင်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ လာမယ့် နိုဝင်ဘာလထဲမှာ “K.G.F: Chapter 2” ဆိုတဲ့ ရုပ်ရှင်ကို စတင်ရိုက်ကူးမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လမှာတော့ မင်းသားဟာ ဆေးကုသမှုခံယူဖို့ ခေတ္တအနားယူမယ် လို့ ဆိုရှယ်မီဒီယာတွေကနေ တဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
“Deadly Dutt” လို့ခေါ်ကြတဲ့ ဟင်ဒီစကားပြောမင်းသား Dutt ဟာ ၁၉၉၃ ခုနှစ်တုန်းက မွမ်ဘိုင်းမြို့မှာ ဗုံးခွဲမှုတွေ လုပ်ဆောင်ခဲ့တဲ့ ဂိုဏ်းအဖွဲ့တွေ ထောက်ပံ့ပေးထားတဲ့ လက်နက်တွေ ပိုင်ဆိုင်ခဲ့တာနဲ့ မူးယစ်ဆေးစွဲ ပြဿနာတွေကြောင့် ထောင်ကျခဲ့ဖူးသူ ဖြစ်ပါတယ်။
သူဟာ ကိုယ်ပိုင်စတန့်ပြကွက်တွေ ပါဝင်တဲ့ အက်ရှင်ရုပ်ရှင်တွေနဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ နာမည်စတင် ကျော်ကြားလာခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပြီးတဲ့နောက် ၂၀၀၇ ခုနှစ်မှာ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် အယူခံဝင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှတော့ သူ့ရဲ့ထောင်ဒဏ်ကို ၅ နှစ်အထိ လျှော့ချလိုက်ပြီး ထောင်ပြန်ကျခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၆ ခုနှစ်မှာတော့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
မင်းသား Dutt ဟာ အိမ်ထောင် ၃ ကြိမ်ကျခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဇနီးဖြစ်တဲ့ Richa ဟာ ၁၉၈၇ ခုနှစ်မှာ ဦးနှောက်အကျိတ်ရောဂါကို စတင်ခံစားခဲ့ရပြီး ၁၉၉၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ သူ့ရဲ့ဘဝအကြောင်း “Sanju” ဆိုတဲ့ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်မှာတော့ ၁၉၈၁ ခုနှစ်မှာ “Rocky” အချစ်ဒရာမာနဲ့ ဘောလိဝုဒ် လောကထဲကို စတင်ဝင်ရောက်ခဲ့ချိန်ကစလို့ ၂၀၁၆ ခုနှစ်မှာ ထောင်ကနေ ပြန်လွတ်လာတဲ့အချိန်အထိ ကာလကို ပြန်လည် ပုံဖော်ထားပါတယ်။
Ref: thejakartapost
You may also like these stories:
သမ္မတ ထရမ့်နဲ့ အလုပ်အတူ တွဲလုပ်ရတဲ့အကြောင်း Kim Kardashian ဖွင့်ဟ
Asian Academy Creative Awards မှာ “သူစိမ်းအိမ်” ရုပ်ရှင် ဆု ၃ ဆု ရွေးချယ်ခံရ
ဂျက်ကီချန်းရဲ့ “Vanguard” ရုပ်ရှင် တရုတ်နိုင်ငံမှာ အခြေမလှဖြစ်နေ