Entertainment

အွန်လိုင်းမှာ Live လွှင့်ပြီး ရောင်းချတဲ့ ဈေးကွက်တခုကို ဦးဆောင်နေတဲ့ ထက်ထက်မိုးဦး

COVID-19 ကပ်ရောဂါကြောင့် ပြောင်းလဲလာတဲ့ Trend အရ စားသောက်ကုန် လုပ်ငန်းများကလွဲပြီး ကျန်တဲ့လုပ်ငန်း တော်တော်များများဟာ အွန်လိုင်းကနေ ရောင်းချလာကြတာကို တွေ့ရပါတယ်။

လုပ်ငန်း တချို့က လူသိများ ကျော်ကြားသူများကို သူတို့ရဲ့ကုန်ပစ္စည်းများ ရောင်းချပေးရန် ငှားရမ်းတာကြမျိုး ရှိကြပါတယ်။ ဒီထဲမှာမှ လတ်တလော ရေပန်းစားနေတာကတော့ စိန်ထည် ၊ ရွှေထည်များကို အွန်လိုင်းကနေ ရောင်းချပေးနေတာဖြစ်ပြီး အနုပညာရှင်များစွာထဲမှာမှ ရောင်းအားကောင်းပြီး ထိပ်ဆုံးက ဦးဆောင်နေတာကတော့ ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။

သူကတော့ ဟိုအရင် ကြော်ငြာတခေတ်မှာလည်း နာမည်တလုံးနဲ့ အောင်မြင် ကျော်ကြားခဲ့သလို သူ့ရဲ့အောင်မြင်မှု အရှိန်အဝါကတော့ အခုအချိန်ထိ သူ့ရဲ့ပရိသတ်များကို လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။

ယခင်က ကြော်ငြာ မင်းသမီးတခေတ် ဖြစ်ခဲ့တဲ့ ထက်ထက်မိုးဦး (ဓာတ်ပုံ – Htet Htet Moe Oo’s Facebook)

“ထက်ကို အရင်က ကြော်ငြာခေတ်မှာ အားပေးကြသလို အခု Live တွေမှာလည်း အားပေးကြ ကြည့်ပေးကြ ချစ်ပေးကြတာ စကားလုံးတွေနဲ့ ပြောစရာ မရှိအောင် ပျော်ရွှင်ရပါတယ်။ အခုလို ထက် ဘာပဲလုပ်လုပ် အားပေးကြတဲ့ တဦး တယောက်ချင်းစီကို ကျေးဇူးတင်သလို ထက်ဘက်ကလည်း ပရိသတ်တွေကို အလုပ်တွေနဲ့ ပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်”

“ထက်အမြဲ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားနေပါတယ်။ အားလုံးကိုလည်း မေတ္တာတွေပို့ပေးပါတယ်။ ကျန်းမာအောင်နေပါ။ ဂရုစိုက်ကြပါနော်” လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

ထက်ထက်မိုးဦးကတော့ ယခင် ကြော်ငြာခေတ်တုန်းကလည်း ထိပ်တန်း အောင်မြင်မှုတခုကို ရရှိခဲ့သလို စိန်ရွှေ ရတနာ ကြော်ငြာတွေဟာလည်း အခုအချိန်ထိ ခေတ်မီနေဆဲပဲ ဖြစ်ပါတယ်။

စိန်ရွှေ ရတနာ ကြော်ငြာများစွာ ရိုက်ကူးခဲ့တဲ့ ထက်ထက်မိုးဦး (ဓာတ်ပုံ – Htet Htet Moe Oo’s Facebook)

လတ်တလော ရောင်းချနေတဲ့ Live လွှင့် ရောင်းချမှုများမှာလည်း စိန်၊ ရွှေရတနာများ ရောင်းချနေတယ်လို့ မထင်မှတ်ရအောင် အားပေးသူများနဲ့ စည်ကား နေပါတယ်။ သူ့ရဲ့ Live လွှင့်ရောင်းချမှုများကတော့ နေ့တိုင်းလိုလို ထက်ထက်မိုးဦးရဲ့ Facebook Page မှာ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

စိန်ထည်၊ ရွှေထည်များအပြင် ပိုးထည်များ၊ မိတ်ကပ်ပစ္စည်းများလည်း ရောင်းချပေးနေပြီး အောက်တိုဘာလ ၁၉ ရက်နေ့ကစတင်ပြီးတော့ ကားတွေကို Live လွှင့် ရောင်းပေးနေတာ တွေ့ရပါတယ်။

“ထက်က မိုးကုတ်သူဆိုတော့ ရတနာတွေ ကြိုက်တယ်။ ပြီးရင် အိမ်တခုလို လုံခြုံမှုပေးပြီး လိုရာခရီးပို့ပေးနိုင် သွားနိုင်တဲ့ ကားတွေကို နှစ်သက်တယ်။ ဒီနေ့ နေ့လယ် ၂ နာရီမှာ Live လွင့်ပြီး Marcedes, BMW, Lexus, Range Rover တွေကစလို့ ကားတံဆိပ်အမျိုးမျိုးကို ပြမယ်၊ ရောင်းမယ်။ ဝယ်တဲ့ကားတွေကိုလည်း ထက်ကိုယ်တိုင် အိမ်ရှေ့ထိရောက်အောင် လာပို့ပေးမယ်” လို့ ထက်ထက်မိုးဦးက မကြာသေးခင်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ကြေညာခဲ့ပါသေးတယ်။

အခုလို Live လွှင့်ပြီး ရောင်းချနေတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက စတင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ သူ့ရဲ့ Live များဟာ ဝယ်ယူသူများသာမက ထက်ထက်မိုးဦးကို ချစ်ခင်ကြတဲ့ ပရိသတ်များ ၊ အနုပညာရှင်များ ကိုယ်တိုင်လည်း ကြည့်ရှုအားပေးကြပါတယ်။

You may also like these stories:

“အသက်ကြီးလာတော့ ကိုယ့်ထက်ငယ်တဲ့ သူတွေကို နေရာဖယ်ပေးရတယ်”လို့ ထက်ထက်မိုးဦး ပြော

စိတ်အားတင်းပြီး ဘဝကို နေထိုင်နေတဲ့ ထက်ထက်မိုးဦး

ဖခင်ရဲ့အသက် အချိန်မီ ကယ်နိုင်ဖို့ ကြိုးစားခွင့်ရခဲ့တဲ့ ထက်ထက်မိုးဦး

Loading