အက်ရှင်စတား မင်းသား ဂျင်န်ကလောက်ဒီဗန်ဒိန်းဟာ နော်ဝေနဲ့ ဘူလ်ဂေးရီးယားနိုင်ငံတို့ကြား တရားရေးဆိုင်ရာ အငြင်းပွားမှုဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် အသတ်ခံရတော့မယ့် အသက် ၃ လအရွယ် ချီဟွားဟွားခွေးလေး တကောင်ကို အောက်တိုဘာလ ၁၉ ရက်နေ့က ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။
“Raya” လို့ အမည်ရတဲ့ အဲ့ဒီခွေးလေးကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက နော်ဝေမှာရှိတဲ့ ပိုင်ရှင်အသစ်တွေဆီ ရောင်းချခဲ့တာ ဖြစ်ပေမယ့် တာဝန်ရှိသူတွေကတော့ ဘူလ်ဂေးရီးယားပတ်စ်ပို့ အတုနဲ့ ခရီးသွားခဲ့တာကြောင့် အဲ့ဒီခွေးလေးကို မှတ်ပုံတင်စာရင်း တင်နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
နော်ဝေနိုင်ငံကတော့ အဲ့ဒီခွေးလေးကို ပြန်ပို့ဖို့ ကြိုးစားခဲ့ပေမယ့် ဘူလ်ဂေးရီးယားကတော့ သက်ရှိ တိရစ္ဆာန်တွေ ကူးသန်းသွားလာမှုနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် ခွေးလေးကို ပြန်ခေါ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒီနောက် ဘယ်လ်ဂျီယမ် ရုပ်ရှင်မင်းသား ဗန်ဒိန်းက အဲ့ဒီကိစ္စထဲ ပါဝင်မလာခင်အထိ ခွေးလေးဟာ ဆေးပေးပြီး အသတ်ခံရဖို့ ဖြစ်ခဲ့ပါတယ်။
မင်းသား ဗန်ဒိန်းဟာ ဆိုရှယ်မီဒီယာပေါ်မှာ ခွေးလေးကို ကယ်တင်ပေးဖို့ လက်မှတ်တောင်းခံတဲ့ ကမ်ပိန်းတခုကို လွှင့်တင်ခဲ့ပြီး သူ့ရဲ့ ချီဟွားဟွား ခွေးလေးကို ဖက်ထားတဲ့ သူ့ရဲ့ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဘူလ်ဂေးရီယားအစားအသောက် ဘေးကင်းမှုဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ခွေးလေးကို ပြန်လက်ခံပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
မင်းသားက “ကျနော့်မွေးနေ့အတွက် အစားအသောက် ဘေးကင်းမှုဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းပေးဖို့ တောင်းပန်ပါတယ်။ သူတို့ဟာ အမှားတခုကို ပြုလုပ်ခဲ့ပါတယ်။ စာရွက်စာတမ်းကို မှန်မှန်ကန်ကန် မလုပ်ခဲ့တဲ့သူတွေပေါ့။ ဒါပေမဲ့ အဲ့ဒီချီဟွားဟွား ခွေးလေးကို သူတို့ သတ်လို့မရပါဘူး” လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပါတယ်။
အစားအသောက် ဘေးကင်းမှုဆိုင်ရာ အာဏာပိုင်တွေကတော့ ခွေးလေး Raya ဟာ ဘူလ်ဂေးရီးယားကို ပြန်လာတဲ့အခါ ဆေးစစ်မှုတွေ လုပ်ဆောင်ရမှာဖြစ်ပြီး သူ့ကို မွေးစားဖို့ ကိစ္စကိုလည်း ပြင်ဆင်ရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Four Paws တိရစ္ဆာန် အခွင့်အရေးအဖွဲ့မှ Yavor Gechev ကတော့ ပြောင်းလွယ် ပြင်လွယ် လုပ်ပေးခဲ့တဲ့ ဘူလ်ဂေးရီးယားကို ဂုဏ်ပြုပေးသင့်ပေမယ့် တရားမဝင် မွေးမြူသူတွေနဲ့ တိရစ္ဆာန် မှောင်ခိုရောင်းဝယ်သူတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ တောင်းဆိုတဲ့အကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြောဆိုထားပါတယ်။
သူက “အရှေ့ကနေအနောက်၊ မြောက်ဘက်ဥရောပအထိ တိရစ္ဆာန်တွေကို တင်ပို့နေတာဟာ အကျိုးအမြတ်များတဲ့ စီးပွားရေးတခု ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ခွေးလေးရဲ့ ပတ်စ်ပို့ အတုကြောင့် နော်ဝေနိုင်ငံရဲ့ ဥပဒေအောက်မှာ လာမယ့် အောက်တိုဘာလ ၂၀ ရက်နေ့မှာ သုတ်သင်ခံရဖို့ရှိတယ်လို့ Gechev က ဆိုပါတယ်။
အခုလိုမျိုး ခွေးလေး Raya ရဲ့ ဖြစ်စဉ်ကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလတုန်းက ဆားဘီးယားနဲ့ ဘူလ်ဂေးရီးယားနယ်စပ်မှာ လှည့်လည်သွားလာခဲ့ပြီးနောက် သေဒဏ်အပေးခံခဲ့ရတဲ့ Penka ဆိုတဲ့ နွားလေးအကြောင်းကိုလည်း လူပြောများလာခဲ့ပါတယ်။ နွားလေး Penka ကို Beatle အဖွဲ့ဝင်ဟောင်း Paul McCartney ပါဝင်တဲ့ နိုင်ငံတကာ ကမ်ပိန်းအဖွဲ့ကနေ ကယ်တင်ခဲ့ပါတယ်။
Ref: cnalifestyle
You may also like these stories:
အမေရိကန်မှာ COVID-19 ကူးစက်ခံရတဲ့ ခွေး သေဆုံး
ညီမကို ကယ်တင်ခဲ့တဲ့ ကောင်လေးအတွက် ဒိုင်းအစစ် ပို့ပေးမယ့် Chris Evans