၂၀၁၈ ခုနှစ်တုန်းက “Zero” ရုပ်ရှင်ကို ဖြန့်ချိခဲ့ပြီးတဲ့နောက် ရုပ်ရှင်ရိုက်ကူးခြင်း မရှိတော့တဲ့ မင်းသား ရှရွတ်ခန်ဟာ အခုတော့ အလုပ်ပြန်လုပ်တော့မှာ ဖြစ်ပါတယ်။ သူဟာ အခုနှစ် နိုဝင်ဘာလကုန်မှာ “Pathan” ဆိုတဲ့ သူ့ရဲ့ ရုပ်ရှင်အသစ်ကို ရိုက်ကူးတော့မှာလို့ သိရပါတယ်။
အဲ့ဒီရုပ်ရှင်မှာ မင်းသမီး Deepika Padukone နဲ့ မင်းသား John Abraham တို့လည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကျမှ ရိုက်ကူးရေးမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။
Mid Day မီဒီယာရဲ့ထုတ်ပြန်ချက်တခုမှာ မင်းသားဟာ ဒါရိုက်တာ Siddharth Anand ရဲ့ “Pathan” ရုပ်ရှင်ကို မွမ်ဘိုင်းမြို့မှာရှိတဲ့ Yash Raj Films စတူဒီယိုမှာ ရိုက်ကူးမှာ ဖြစ်ပါတယ်။ အဲ့ဒီသတင်းရဲ့အဆိုအရ ၂ နှစ်နီးပါး ကာလပြီးတဲ့နောက် မင်းသား ခန်ရဲ့ ရုပ်ရှင်အတွက် လူတော်တော်များများက စိတ်လှုပ်ရှားနေကြပါတယ်။
အမည် မဖော်ပြတဲ့ သတင်းအရင်းအမြစ်ကတော့ “ပထမဆုံး အချိန်ဇယားကတော့ မင်းသား ရှရွတ်ခန်ရဲ့ အပိုင်းတွေကို အဓိကထားမယ့် အချိန် ၂ လဖြစ်ပြီး၊ အဖွဲ့ခွဲကတော့ နယူးယောက်မှာ ခေတ္တနားမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မင်းသမီး Deepika Padukone နဲ့ John Abraham တို့ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ ဒုတိယအပိုင်းအဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်”
“၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Siddharth ရဲ့ “War” ရုပ်ရှင်လိုပဲ Pathan ဟာ လက်တုံ့ပြန်မယ့် ဒရာမာ ဖြစ်ပါတယ်။ အခုရုပ်ရှင်ဟာ ရှရွတ်ခန်နဲ့ John တို့ရဲ့ ပထမဆုံး တွေ့ဆုံမှုဖြစ်ပြီး အခုလည်း သူတို့အတွက် ဒရာမာဆန်တဲ့ ဇာတ်ဝင်ခန်းတွေကို Adi နဲ့ Siddharth တို့က ဖန်တီးထားပါတယ်” လို့ ဆိုပါတယ်။
အခုလက်ရှိတော့ မင်းသား ခန်ဟာ သူ့ရဲ့ Kolkata Knight Riders အဖွဲ့သားတွေနဲ့အတူ ယူအေအီးနိုင်ငံကို ရောက်ရှိနေပါတယ်။ အခုတော့ ဆံပင်အရှည်၊ မုတ်ဆိတ်မွေးတွေနဲ့ မြင်တွေ့နေရတဲ့ မင်းသားဟာ “Pathan” မှာ ပါဝင်မယ့် ဇာတ်ရုပ်အတွက် ပြင်ဆင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “Raees” ရုပ်ရှင်ထဲကလိုပဲ အလန်းစား နေကာမျက်မှန်တွေနဲ့ အခုရုပ်ရှင်မှာ ပါဝင်လာဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
“Zero” ရုပ်ရှင်အပြီး ရိုက်ကူးရေး မလုပ်တာနဲ့ ပတ်သက်လို့ မင်းသား ခန်က “အခု ကျနော့်အတွက် ဘယ်ရုပ်ရှင်မှ မရှိပါဘူး။ ဘယ်ရုပ်ရှင်အတွက်မှလည်း ကျနော် အလုပ်လုပ်မနေပါဘူး။ ပုံမှန်ဖြစ်နေတာက ရုပ်ရှင်တကားပြီးရင် နောက်ရုပ်ရှင်တကားကို စတင်ရပါတယ် ကျနော်က ၃၊ ၄ လလောက် အလုပ်ရပါတယ်။ ဒါပေမဲ့ အခုတကြိမ်တော့ ကျနော် အဲ့ဒီလို မဟုတ်ပါဘူး။ ကျနော့် နှလုံးသားက ခွင့်မပြုပါဘူး”
“ကျနော် ခဏနားသင့်တယ်လို့ ထင်ပါတယ်။ ရုပ်ရှင်ကြည့်မယ်၊ ဇာတ်လမ်းတွေ နားထောင်မယ်။ စာအုပ်တွေ ဖတ်မယ်။ ကျနော့် ကလေးတွေတောင် တက္ကသိုလ် တက်နေကြပြီ။ ကျနော့်သမီးက ကောလိပ်တက်ရမယ်။ ကျနော့်သားက သူ့စာတွေ ပြီးအောင် လုပ်ရမယ်။ ဒါ့ကြောင့် ကျနော့်ရဲ့ မိသားစုနဲ့ အချိန်ပို ကုန်ဆုံးချင်ပါတယ်” လို့ ဆိုပါတယ်။
Ref: hindustantimes
You may also like these stories:
ကင်ဆာရောဂါ ခံစားနေရကြောင်း ဘောလိဝုဒ်မင်းသား Sanjay Dutt အတည်ပြု
အိန္ဒိယနိုင်ငံမှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ပြီ
ရုပ်သံလိုင်းတချို့ကို အသရေဖျက်မှုဖြင့် ဘောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူတွေ တရားစွဲ