တေးရေး၊ တေးဆို တဦးဖြစ်တဲ့ ဆောင်းဦးလှိုင်ကတော့ သူဖန်တီးထားတဲ့ သီချင်းများကို တော်ရုံ ပေးဆိုလေ့ မရှိပေမယ့် သူရေးထားတဲ့ အကျိုးပြုသီချင်း “မိုးခါးရေ” သီချင်းကို ချင်းတိုင်းရင်းသားအဆိုတော်ဖြစ်တဲ့ ဒေးဗစ်လိုင်အား တိုင်းရင်းသား ဖြစ်တာကြောင့် ကူညီချင်တဲ့အတွက် ပေးဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီသီချင်းကို အွန်လိုင်းပေါ်မှာ နားထောင်နေတဲ့အချိန်က ကျနော့်ရဲ့ပထမဆုံးအခွေ မထွက်သေးပါဘူး။ ကျနော် သီချင်းတွေ လိုက်စုဆောင်းနေတဲ့အချိန်ပေါ့နော်။ နုသေးတယ် ပြောရမယ်။ အဲ့အချိန်မှာ ဒီသီချင်းလေးကို စနားထောင်ပြီး အရမ်းသဘောကျပြီးတော့ ကိုဆောင်းဦးလှိုင်က ကျနော်နဲ့ ရင်းနှီးတဲ့သူတော့ မဟုတ်ဘူး။ အရမ်း စီနီယာကျတယ်”
“ကိုဆောင်းဦးလှိုင်ကို ကျနော် စာပို့ပြီးတော့ ဒီသီချင်းကို ကျနော့်ရဲ့ ပထမဆုံးအခွေမှာ ထည့်ချင်လို့ဆိုပြီး ခွင့်တောင်းတော့ ကိုဆောင်းဦးလှိုင်က ကြည်ကြည်ဖြူဖြူနဲ့ အထူးသဖြင့် တိုင်းရင်းသားတယောက်ဖြစ်တဲ့အတွက် ကူညီချင်လို့ ဒီသီချင်းကို ပေးဖြစ်သွားတယ် ပြောရမှာပေါ့။ အဲဒါကြောင့် အခွေထဲမှာ မိုးခါးရေ သီချင်းကို ထည့်ဖြစ်သွားတာပါ” လို့ ဒေးဗစ်လိုင်က ဧရာဝတီကို ပြောပါတယ်။
“မိုးခါးရေ” သီချင်းကိုတော့ ဒေးဗစ်လိုင်က သူ့ရဲ့ ပထမဆုံး တကိုယ်တော်အခွေဖြစ်တဲ့ “ချစ်နေသော်လည်း” အခွေထဲမှာ ထည့်ခဲ့တာဖြစ်ပြီး ဒေးဗစ်လိုင်ကို ပရိသတ်တော်တော်များများက သတိထားမိစေခဲ့တဲ့ သီချင်းတပုဒ်လို့ ပြောရင်လည်း မမှားပါဘူး။
“ပိုပြီးတော့ ဝမ်းသာရမှာက လူတွေအများကြီး ဒီသီချင်းကို သိသွားတဲ့အတွက်ပေါ့။ နောက်ပြီး ဒီသီချင်းနဲ့ ပတ်သက်လို့ ကိုယ့်ဘက်ကနေရတဲ့ အကျိုးအမြတ်ကတော့ မရှိပါဘူး။ ဒါကလည်း အဓိကမဟုတ်ဘူး။ ဒီသီချင်းလေးရဲ့ရည်ရွယ်ချက်ကိုက ပြောရမယ်ဆိုရင် အကျိုးပြုဖို့အတွက် လူတိုင်းကိုလုပ်ထားတာဖြစ်တဲ့အတွက် ဘယ်သူမှ အကျိုးအမြတ် ရဖို့ မပါဘူး။ အားလုံးက သူများအတွက်ကို အကျိုးပြုဖို့အတွက် ရေးစပ်ထားတဲ့ သီချင်းလေး ဖြစ်တယ်” လို့ ဒေးဗစ်လိုင်က ပြောပါတယ်။
မူရင်းသီချင်းဟာလည်း ပရိသတ် နားစွဲပြီးသား ဖြစ်တာကြောင့်လည်း မူရင်းရသ မပျောက်ရအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။
“ဒီသီချင်းကို ဖန်တီးတဲ့အခါမှာ ကျနော့်အခွေကို တီးပေးတဲ့ တီးဝိုင်းက သေချာ ဖန်တီးပေးထားတဲ့ ဖန်တီးမှုကို တွေ့ရတယ်။ သူ့ရဲ့မူရင်းပုံစံ မပျက်အောင် ပြီးရင် ကျနော်နဲ့ လိုက်ဖက်မှု ရှိအောင် လုပ်ရတာပေါ့။ ရည်ရွယ်ချက်ကလည်း မူရင်းပုံစံကို မကွဲသွားစေချင်ဘူး။ ဒါမှအနှစ်သာရ ရှိနေမှာလေ” လို့ ပြောပါတယ်။
နောက်ထပ်လည်း ဒုတိယအခွေအတွက် သီချင်းတွေလုပ်နေပြီး ပထမအခွေနဲ့ မတူဘဲ ရသ တခုတည်း၊ ဂီတ တခုတည်းကို အဆင်ပြေပြေနဲ့ နားထောင်နိုင်အောင် ဖန်တီးပေးချင်တဲ့ ရည်ရွယ်ချက် ရှိတယ်လို့ သိရပါတယ်။
“ကျနော့် ဒုတိယအခွေပေါ့။ ဒီမတိုင်ခင်ကလည်း တပုဒ်ချင်းလည်း ထွက်ဖြစ်ပါတယ်။ အတွဲသီချင်းလေးတွေလည်း ထုတ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် အဓိက ကြိုးစားတာကတော့ ဒုတိယအခွေပေါ့။ ပထမအခွေနဲ့ မတူတဲ့ သဘောတရားကို သွားချင်တယ်”
“ဒုတိယအခွေမှာ သီချင်းတပုဒ် နားထောင်ပြီးတိုင်း ကျန်တဲ့တပုဒ်ကို အချိတ်အဆက် ဖြစ်စေချင်တယ်။ ကျနော် လိုချင်တဲ့ အမျိုးအစားပေါ့။ သီချင်း နားထောင်တဲ့သူက ရသ တခုတည်း၊ ဂီတ တခုတည်းကို အဆင်ပြေပြေလေး နားထောင်နိုင်အောင် အဲဒါက ကျနော့်ရဲ့ရည်ရွယ်ချက်ပါပဲ” လို့ ဒေးဗစ်လိုင်က ပြောပါတယ်။
ဒေးဗစ်လိုင်ကတော့ “အိပ်မက်ဆုံရာ ရာသက်ပန်” Season 2 မှာ Winner ရရှိခဲ့သူတယောက် ဖြစ်ပြီး တကိုယ်တော်အခွေလည်း ထွက်ရှိထားပါတယ်။ လက်ရှိမှာတော့ သူဟာ ဝေဘာဂီဆေးရုံမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်လျက် ရှိပါတယ်။
You may also like these stories:
အွန်လိုင်းကနေ ပရိသတ်တွေကို ဝိုင်ရောင်းမယ့် ကျော်ကျော်ဗို
အင်းယား ကိုဗစ်စင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ စိုင်းစည်တွမ်ခမ်း
အွန်လိုင်းမှာ Live လွှင့်ပြီး ရောင်းချတဲ့ ဈေးကွက်တခုကို ဦးဆောင်နေတဲ့ ထက်ထက်မိုးဦး