ပြီးခဲ့တဲ့ရက်ပိုင်းက ကျရောက်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ မွေးနေ့မှာ ခင်ပွန်းဖြစ်သူ ဇဏ်ခီက ကိုယ်တိုင်ရေးစပ် ဖန်တီးသီဆိုထားတဲ့ သီချင်းတပုဒ်ကို ဇနီးဖြစ်သူအတွက် မွေးနေ့လက်ဆောင် ပေးခဲ့ပါတယ်။
“ခရစ္စကို Surprise တိုက်ဖို့အတွက် ပြင်ဆင်ထားတယ်။ ကိုဗစ်ကာလဆိုတော့ ဘယ်မှလည်း သွားမရ၊ ဘာမှလည်း လုပ်မရဘူးဆိုတော့ တခုခုအိမ်မှာပဲ စီစဉ်လိုက်တယ်။ တအိမ်ထဲမှာနေတော့ တော်တော်ခက်တယ်”
“ရှန်ပိန်နဲ့ ပန်းလေးနဲ့ ဒီထက်ပိုပြီး Surprise က ဘာလဲဆိုရင် ကျနော် သူ့အတွက် ရေးထားတဲ့ သီချင်းလေး ရှိတယ်။ တော်တော်ကြာပါပြီ။ သူလည်းအကြမ်းအနေနဲ့ ကြားဖူးထားပါတယ်။ ဒါပေမဲ့ ကျနော် အချောသေချာ Band နဲ့ သေချာသွင်းထားပြီးတော့ Mixing တွေဘာတွေ သေချာနဲ့ ဒီနေ့အတွက် အမှီပေါ့နော်။ ဖွင့်ပြမယ်ပေါ့” လို့ ဇဏ်ခီက ပြောပါတယ်။
ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ မွေးနေ့ကတော့ အောက်တိုဘာလ ၁၈ ရက်နေ့ကဖြစ်ပြီး အမှတ်တရ Surprise လုပ်ထားတဲ့ ဗီဒီယိုဖိုင်ကိုတော့ ဇဏ်ခီက ဒီကနေ့မှာ သူ့ရဲ့ Facebook မှာ ဝေမျှထားတာ ဖြစ်ပါတယ်။
“Surprise တိုက်တဲ့ည တော်တော် မလွယ်ပါဘူး။ တအိမ်ထဲနေပြီး အပြင် မထွက်ရတဲ့ ကာလ၊ ပြီးတော့ မခီက ရုပ်ရှင်ပညာ မသင်ခင်တုန်းက CIA အဖွဲ့ဝင်ချင်ခဲ့သူ ဆိုတော့ ဒါပေမဲ့လည်း ပျော်ဖို့ ကောင်းပါတယ်။ ကိုဗစ်စတိုင်ပေါ့” လို့ ဇဏ်ခီက ပြောပါတယ်။
Surprise အနေနဲ့ ဖွင့်ပြခဲ့တဲ့ သီချင်းကတော့ သူတို့ဇနီးမောင်နှံ နှစ်ဦးရဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝအမှတ်တရ အကြောင်းတွေကို ရေးစပ်ထားတာ ဖြစ်ပါတယ်။ မွေးနေ့ဆုတောင်းကိုလည်း သူတို့ နှစ်ဦး ရည်းစားမဖြစ်ခင်အချိန်က အကြောင်းအရာလေး တခုကို ဇဏ်ခီက ပြောပြထားပါတယ်။
“ကျနော်တို့ ကြိုက်တော့မလိုလို အီစီကလီ ဟိုလိုလို ဒီလိုလို ဈေးဘန်းခင်းနေတဲ့ ကာလတုန်းကပေါ့လေ။ စိတ်ဝင်စားသူတွေလည်း အများအပြားကြားမှာ မသေမချာ မရေမရာ ဖြစ်နေတုန်းကာလ၊ ကျနော် ဇဏ်ခီရဲ့အကွက်တကွက်၊ ကျနော့်မွေးနေ့မှာ သူ့ဆီကိုသွားပြီး သူ့ကိုမွေးနေ့လက်ဆောင် ပေးလိုက်တယ်။ သူကြောင်သွားပြီး “ဟမ် ဒါက ဘာအတွက်လဲ” ကျနော်က “မွေးနေ့လက်ဆောင်ပါ” “Chris မွေးနေ့က လိုသေးတယ်” “ကျနော် သိပါတယ်၊ ဒီနေ့က ကျနော့်မွေးနေ့လေ” ဆိုတော့ သူကြောင်ကြည့်နေတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး “သူအူကြောင်ကြောင်နဲ့ မွေးနေ့လက်ဆောင်ကို ယူလိုက်တယ်။ ဒါပေမဲ့ သူမသိလိုက်တာက ကျနော် Reverse Psychology သုံးလိုက်တယ် ဆိုတာကိုပါ။ “သူ့မွေးနေ့မှာတောင် ငါ့ကိုလက်ဆောင်ပေးတယ်ဆိုတော့” ဆိုတဲ့ Impression ကြီးက သူ့စိတ်ရဲ့ အနောက်ပေါက်ကနေ ဝင်သွားပြီး မိန်းမတို့ရဲ့မာနဆိုတဲ့ အစိုင်အခဲကြီးကို မီးရှို့ဖျက်စီးလိုက်ပြီ ဆိုတာကိုပါ။ အခုချိန်မှာတော့ သူဟာ ကျနော့်ကို ဓါတ်ပုံတွေ ရိုက်ပေးရ၊ ရုပ်ရှင်တွေရိုက်ပေးရ၊ Bow tie တွေ စည်းပေးရ၊ ဟင်းတွေ ချက်ပေးရ၊ ထီးတွေလိုက်မိုးပေးနေရပြီပေါ့လေ ဟဲဟဲ”လို့ ဇဏ်ခီက ပြောထားပါတယ်။
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေ သဘောကျရတဲ့ စုံတွဲတတွဲဖြစ်ပြီး လက်တွဲလာတဲ့ သက်တမ်းဟာလည်း ဆယ်စုနှစ်တခုကျော် သက်တမ်းရှိလာခဲ့ပါပြီ။ သူတို့ နှစ်ဦးမှာတော့ နိုဝါဆိုတဲ့ သားလေးတယောက် ရှိပါတယ်။
You may also like these stories:
၁ ဘာသာကျတာနဲ့ အတန်းကျတဲ့စနစ်ကို ပြောင်းစေချင်တဲ့ ဇဏ်ခီ
“အစိုးရတရပ်တည်း ပြတ်ပြတ်သားသား အလုပ်လုပ်နိုင်ဖို့ အရေးကြီးပါတယ်”