Entertainment

အိန္ဒိယနိုင်ငံမှာ Netflix ကို အခမဲ့ ၂ ရက် ကြည့်ခွင့်ရမည်

တကယ်လို့ သင်ဟာ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေပြီး Netflix မှာ စာရင်းသွင်းဖို့ စဉ်းစားနေတဲ့သူတဦး ဆိုရင် ဒါဟာ သတင်းကောင်းဖြစ်ပါလိမ့်မယ်။ ကမ္ဘာကျော် Streaming ပလက်ဖောင်းဖြစ်တဲ့ Netflix ဟာ “Streamfest” လို့ခေါ်တဲ့ ပရိုမိုးရှင်းအစီအစဉ်ကို ပြုလုပ်နေပြီး အိန္ဒိယနိုင်ငံအတွင်းက ကြည့်ရှုသူတွေအနေနဲ့ ၄၈ နာရီတိတိ အခမဲ့ ကြည့်ရှုခွင့်ပေးသွားမယ်လို့ သိရပါတယ်။

လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အရာရှိ အကြီးအကဲ Greg Peters က ကုမ္ပဏီရဲ့ ၂၀၂၀ တတိယ ၃ လပတ် ဝင်ငွေရှင်းလင်းပွဲအတွင်း အဲ့ဒီသတင်းကို အတည်ပြုလိုက်တာဖြစ်ပါတယ်။

Peters က “နိုင်ငံတခုရဲ့ လူတိုင်းက သီတင်းပတ်ကုန်ပိုင်းတခုအတွက် Netflix ကို အခမဲ့ ချိတ်ဆက်ရရှိနိုင်မှုဟာ ကျနော်တို့ဆီမှာရှိတဲ့ အံ့သြဖို့ကောင်းတဲ့ အကြောင်းအရာတွေလူသစ်တွေထံ အကောင်းဆုံးရောက်ရှိနိုင်မယ့် နည်းလမ်းတခု ဖြစ်လာနိုင်ပါတယ်။ ဒီ အစီအစဉ်ကို ဖန်တီးပြီးတော့ လူတော်တော်များများက စာရင်းသွင်းလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားကြောင်း Protocol နည်းပညာမီဒီယာက ဖော်ပြပါတယ်။

Protocol ရဲ့အဆိုအရ အိန္ဒိယနိုင်ငံအတွက်သာ ရရှိမယ့် Streamfest အစီအစဉ်ဟာ Netflix ကို ကြည့်ရှုနိုင်ငံတဲ့ ဘယ်လို အီလက်ထရောနစ် ပစ္စည်းနဲ့မဆို ချိတ်ဆက်နိုင်ပြီး စစချင်းမှာ ပိုက်ဆံပေးဖို့ လိုမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒီဝန်ဆောင်မှုကို ဆက်လက်ရယူချင်သူတွေကတော့ အခမဲ့ကာလကုန်ဆုံးတဲ့အချိန် Subscribe ရယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

Netflix ဟာ မကြာသေးခင်တုန်းက အမေရိကန်မှာရှိတဲ့ သုံးစွဲသူတွေအတွက် အခမဲ့ ရက် ၃၀ ကြည့်ရှုခွင့် ဆက်ပေးနေမှုကို ရပ်ဆိုင်းလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တဦးကတော့ အမေရိကန်မှာ နောက်ထပ် မတူကွဲပြားတဲ့ မားကက်တင်းပရိုမိုးရှင်းတွေကို ပြုလုပ်ဖို့ရှာဖွေနေတယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ Geek Culture မီဒီယာရဲ့ ထုတ်ပြန်ချက်အရ အခမဲ့အသုံးပြုနိုင်တဲ့ အစီအစဉ်ကိုတော့ စင်ကာပူနဲ့ တောင်ကိုရီးယားတို့ အပါအဝင် တချို့အာရှနိုင်ငံတွေမှာ ရရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ အခြေစိုက်တဲ့အမေရိကန် နည်းပညာနဲ့ မီဒီယာဝန်ဆောင်မှု ကုမ္ပဏီ Netflix ကို ၁၉၉၇ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ မူရင်းစီးပွားရေးကတော့ အခပေး Streaming ဝန်ဆောင်မှုဖြစ်ပြီး ရုပ်ရှင်နဲ့ ရုပ်သံစီးရီးတော်တော်များများကို အွန်လိုင်းမှာ တင်ပေးထားတာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ဧပြီလအထိ ကမ္ဘာတဝန်းကနေ Netflix မှာ subscribe ရယူထားသူ ၁၉၃ သန်းရှိပြီးအဲ့ဒီအထဲက ၇၃ သန်းက အမေရိကန်နိုင်ငံကဖြစ်ပါတယ်။ ကမ္ဘာတဝန်းလုံးကနေ Netflix ဝန်ဆောင်မှုတွေကို ရယူနိုင်ပေမယ့် အဲ့ဒီအထဲမှာ တရုတ်ပြည်မကြီး၊ ဆီးရီးယား၊ မြောက်ကိုရီးယားနဲ့ ခရိုင်းမီးယား ဒေသတို့ မပါဝင်ပါဘူး။

Ref: cnalifestyle

You may also like these stories:

အိန္ဒိယနိုင်ငံမှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ပြီ

Blackpink အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင်ကို Netflix မှာ ပြသမည်

Loading