၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Big Lebowski” ရုပ်ရှင်နဲ့ လူသိများတဲ့ အော်စကာဆုရှင် မင်းသား Jeff Bridges ဟာ Lymphoma ကင်ဆာရောဂါကို ခံစားနေရတယ်လို့ အောက်တိုဘာလ ၁၉ ရက် နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။ မင်းသားဟာ အဲ့ဒီရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ “The Dude” ဇာတ်ကောင်ရဲ့ လူသိများတဲ့ အသံကို အသုံးပြုပြီး သူ့ရဲ့ရောဂါ အခြေအနေကို ထုတ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
မင်းသားက “မကောင်းတဲ့အရာတခု ရောက်ရှိလာပြီလို့ The Dude က ပြောသလိုပါပဲ” လို့ ဆိုပါတယ်။ အသက် ၇၀ အရွယ် မင်းသား Bridges ဟာ သူ့ရောဂါအတွက် ကုသမှုကို စတင်ခံယူနေတယ်လို့ ဆိုပြီး ကုသမှု အခြေအနေ တိုးတက် ကောင်းမွန်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
မင်းသားဟာ အော်စကာဆု ဆန်ခါတင် ၇ ကြိမ်ဝင်ခဲ့ဖူးပြီး ၂၀၁၀ ခုနှစ်တုန်းက အမေရိကန် Country ဂီတပညာရှင်အဖြစ် သရုပ်ဆောင်ထားတဲ့ “Crazy Heart” ရုပ်ရှင်နဲ့ အော်စကာဆု ရရှိခဲ့ပါတယ်။ ဝါရင့်မင်းသားဖြစ်တဲ့ Bridges ဟာ နာမည်ကျော်တဲ့ ဟောလိဝုဒ် မိသားစုကနေ ဆင်းသက်လာသူလည်း ဖြစ်ပါတယ်။
တည်ငြိမ်အေးဆေးတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူလို့ နာမည်ကျော်တဲ့ မင်းသားဟာ “Starman”, “Thunderbolt and Lightfoot”, “The Fisher King” နဲ့ “True Grit” ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Marvel ရဲ့ “Iron Man” ပထမဆုံးရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး စီးပွားရေးအရ အောင်မြင်တဲ့ ရုပ်ရှင်တွေထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။
မင်းသားဟာ သူ့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး သူအမြန်ဆုံး ပြန်လည်သက်သာလာအောင် လုပ်ဆောင်မယ်လို့ ကတိပေးခဲ့ပါတယ်။
Lymphoma ကင်ဆာဆိုတာကတော့ ရောဂါကူးစက်မှုတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဆဲလ်တွေကို ထုတ်လုပ်၊ သိမ်းဆည်း၊ သယ်ဆောင်ပေးတဲ့ တစ်သျှူးနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်မှုရှိစေတဲ့ ကင်ဆာတမျိုး ဖြစ်ပါတယ်။
မင်းသားဟာ ၂၀၁၉ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဘဝတသက်တာ ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။ Cecil B. DeMille လို့လူသိများတဲ့ အဲ့ဒီဆုဟာ ကမ္ဘာ့ဖျော်ဖြေရးလုပ်ငန်းမှာ အချိန်အကြာကြီး ရိုက်ခတ်မှုရှိစေခဲ့တဲ့သူကို နှစ်စဉ်ချီးမြှင့်တဲ့ဆုလည်း ဖြစ်ပါတယ်။ သူဟာ “The Old Man” စီးရီးမှာ အမှုဆောင်ထုတ်လုပ်သူအဖြစ် ပါဝင်ထားတဲ့အပြင် ကိုယ်တိုင်လည်း သရုပ်ဆောင်နေပါတယ်။
Ref: Reuters
You may also like these stories:
အသတ်ခံရတော့မယ့် ခွေးလေးကို ကယ်တင်ခဲ့တဲ့ အက်ရှင်မင်းသား ဗန်ဒိန်း
ကင်ဆာရောဂါ ခံစားနေရကြောင်း ဘောလိဝုဒ်မင်းသား Sanjay Dutt အတည်ပြု
သမ္မတ ထရမ့်နဲ့ အလုပ်အတူ တွဲလုပ်ရတဲ့အကြောင်း Kim Kardashian ဖွင့်ဟ