“ကျော်သူ မရှိရင် ကျော်သူထက် သာတဲ့တယောက် ရှိရမယ်”
နာရေးကူညီမှုအသင်းနဲ့အတူ ပရဟိတ အလုပ်တွေကို နေ့မနား၊ ညမအား လုပ်ဆောင်နေတဲ့ သရုပ်ဆောင် ကျော်သူက အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌနေရာကို လွှဲပြောင်းပေးဖို့ ပြင်ဆင်ထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော့် အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌနေရာကို လွှဲချင်တဲ့စိတ် ဖြစ်လာတယ်။ “ကိုယ်နားတော့မယ်ဟေ့ တယောက် တက်လိုက်” ဆိုပြီး လုပ်လို့ မရဘူး။ ဒီနေရာက အရေးကြီးတယ်။ ဒီနေရာကို ပြင်ဆင်ထားတာ လွန်ခဲ့တဲ့ ၃၊ ၄ နှစ်လောက်ကတည်းက စခဲ့တာ။ ဘယ်သူ့ကိုမှ မပြောဘူး။ တယောက်ချင်း ဆွဲခေါ်တယ်။ ပါလာတဲ့သူ ပါလာတယ်။ ကျန်ခဲ့တဲ့သူ ကျန်ခဲ့တယ်။ ပါလာတဲ့ သူကိုလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ပြောပြဖြစ်တယ်”လို့ ကျော်သူက ပြောပါတယ်။
လူအမျိုးမျိုး စိတ်အမျိုးမျိုး ရှိတာကြောင့် အားလုံးကို သတိထားဖို့ ပြောပြီး ကိုယ်တိုင်က လူပေါင်းစုံနဲ့ တွေ့နေရတဲ့အတွက် လူပီသတဲ့စိတ် ရှိအောင်နေတယ်လို့ ဆိုပါတယ်။
“လူတွေနဲ့ ဆက်ဆံရတဲ့ ကိစ္စ၊ ဖောက်ပြန်တဲ့သူတွေ ရှိတယ်။ လူအမျိုးမျိုး စိတ်အမျိုးမျိုးတွေကို သတိထားဖို့ ပြောတယ်။ ကျနော်ကလည်း ဥက္ကဋ္ဌဆိုပြီး တတ်သိနေတဲ့သူလည်း မဟုတ်ဘူး။ မသာချတဲ့ တက္ကသိုလ်က ဘွဲ့ရလာတဲ့ ကောင်လည်း မဟုတ်ဘူး။ အင်္ဂလိပ်စာဆိုလည်း အားနည်းတဲ့ကောင်၊ ကျနော် ပညာတော့ မတတ်ဘူး”
“ကျနော့်မှာ လူစိတ်ရှိတယ်၊ လူပီသတဲ့စိတ် ရှိတယ်။ လူပေါင်းစုံနဲ့ တွေ့ရတယ်။ ဘယ်သူက နေရာ မက်တယ်၊ ဘယ်သူက အလှူငွေကို အလွဲသုံးစား လုပ်တယ်။ အဲ့လို လူတွေ အမျိုးမျိုးကို ကျနော် သွန်သင်ပေးတယ်”လို့ ကျော်သူက ပြောပါတယ်။
“ကျော်သူ မရှိရင် ကျော်သူထက်သာတဲ့ တယောက် ရှိရမယ်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌနေရာကို ပေးအပ်သွားမယ်လို့ ကျော်သူက ဆိုပါတယ်။

“ကျော်သူ မရှိလို့ ဒီအသင်းပျက်သွားတယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။ မဖြစ်သင့်တဲ့ ကိစ္စ။ ဆရာတော်ကြီးတွေ ပျက်စီးသွားလို့ အဲ့ကျောင်း ပျက်စီးသွားတယ်။ အဲ့ဒါမျိုး ကျနော် လက်မခံဘူး။ ကျော်သူ မရှိရင် ကျော်သူထက်သာတဲ့ တယောက် ရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော် မွေးထားတယ်။ ဘယ်သူဆိုတာတော့ မပြောချင်သေးဘူး။ သေချာမှ ပြောပြချင်တယ်။ ဒီနေရာမှာ ထားဖို့အတွက် အဲ့လူက လူပီသတဲ့သူ ဖြစ်ရမယ်”လို့ ကျော်သူက ဆိုပါတယ်။
ဆက်ပြီး “ကိုယ်ချင်းစာနာစိတ်လည်း ရှိရမယ်။ အဓိကက သီလလုံဖို့ အရေးကြီးတယ်။ လူတွေကို ကူညီတဲ့သူက သီလဖောက်ပြန်ရင် အရမ်း ရုပ်ဆိုးတယ်။ သူ့အတွက်လည်း မကောင်းဘူး။ အများအတွက်လည်း မကောင်းဘူး။ နောက် အောက်ခြေ မလွတ်သွားဖို့ ကိုယ့်စိတ်ကိုယ် ကိုယ်ထိန်းနိုင်ဖို့ အရေးကြီးတယ်။ ပရဟိတ လုပ်ဖို့တော့ လာကြတယ်။ ပြီးရင် သီလဖောက်ပြန်တာတွေ တွေ့ရတယ်”လို့ ကျော်သူက ပြောပါတယ်။
သရုပ်ဆောင် ကျော်သူဟာ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့ပြီး ဒီအသင်းကြီးဟာ နှစ်ပေါင်း၂၀ ကျော်ခဲ့ပါပြီ။ နာရေးကူညီမှု အသင်းအနေနဲ့ ကိုဗစ်ကာလအတွင်းမှာလည်း ပရဟိတအလုပ်များစွာ လုပ်ကိုင်လျက်ရှိပါတယ်။
ပရဟိတ မင်းသားကြီး ကျော်သူကတော့ ပရဟိတအလုပ်များ လုပ်ကိုင်ရင်း ယနေ့၊ အောက်တိုဘာလ ၂၁ ရက်နေ့မှာ COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း သူ့ရဲ့ လူမှုကွန်ရက် Facebook အကောင့်ကဆင့် ပရိသတ်တွေကို အသိပေးပြောပြထားပါတယ်။
You may also like these stories:
“ကိုဗစ် ကူးစက်ခံရသူတွေကို အားပေးစေချင်တယ်”လို့ ကျော်သူ ပြော
အကယ်ဒမီပွဲကို အွန်လိုင်းကနေ လုပ်ဖို့ အကြံပေးထားတဲ့ ကျော်သူ
“ဘယ်အစိုးရကို မဲပေးရမယ်ဆိုတာ ကျနော်တို့က အဖြေရှိပြီးသား”လို့ ကျော်သူ ပြော