သရုပ်ဆောင် စမိုင်းလ် ကိုယ်တိုင် ပရိုဂျူဆာအနေနဲ့ ထုတ်ရိုက်ထားတဲ့ “ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုဘာလအတွင်း “Smile အွန်လိုင်းရုပ်ရှင်ရုံ” ဆိုတဲ့ Application ကနေ ကြည့်ရှုနိုင်တော့မယ်လို့ သိရပါတယ်။
အဆိုပါ “ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားကို အွန်လိုင်းကနေ ကြည့်ရှုကြမယ့်သူတွေအတွက် ငွေကျပ် ၂၅ သိန်းဖိုး ကံစမ်းမဲများ ဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။
“အဲ့နေ့မှာ ၁ သိန်းစီ ၁၀ ယောက် ကံထူးရှင် ရွေးမယ်။ ပြီးရင် ၁ သိန်းခွဲတန် ဘူး ၁၀ ဘူး ၁၅ သိန်းဖိုးပေးမယ်။ အဲ့နေ့ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့ ၂၄ နာရီအတွင်း ရုပ်ရှင်ကြည့်တဲ့သူတွေကို ၃ သိန်း ကံစမ်းမဲဖောက်ပေးမယ်။ အဲ့နေ့ တရက်တည်းမှာ ကံစမ်းမဲ ဖောက်ပေးမှာပါ။ ရုပ်ရှင်ရုံတွေက အခုနေတော့ ပိတ်ထားပေမယ့် တကယ်လို့ ဖွင့်လို့ သွားကြည့်တဲ့အခါ တယောက်မှာ ရောဂါ ရှိနေရင် အဆင်မပြေပါဘူး။ အိမ်မှာပဲ ရုပ်ရှင် ထိုင်ကြည့်ပါ” လို့ စမိုင်းလ်က ပြောပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီမှာတော့ ရုပ်ရှင် ကြည့်ရှုနိုင်မယ့် Application ကို Live လွှင့်ကာ မိတ်ဆက်ပေးသွားမှာဖြစ်ပြီး မိသားစုနဲ့အတူ ဂိမ်းအစီအစဉ်များလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဒီကားကိုတော့ ရိုက်ကူးပြီး ရုံတင်ရန် စောင့်နေတာ ၃ နှစ် ရှိပြီဖြစ်ပြီး အခုအချိန်မှာ ရုပ်ရှင်ရုံများကလည်း ပိတ်ထားတာဖြစ်တဲ့အတွက် “Smile အွန်လိုင်းရုပ်ရှင်ရုံ App” ကို လုပ်ကိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီ App ကိုတော့ ငွေကျပ် ၁၀၀၀ ပေးရုံနဲ့ ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပါဝင်ရန်အတွက် အောက်တိုဘာလ ၂၂ ရက်နေ့၊ ကြာသပတေးနေ့ ည ၈ နာရီ စမိုင်းလ်ရဲ့ Facebook Page မှာ ပြုလုပ်သွားမယ့် “Smile အွန်လိုင်း ရုပ်ရှင်ရုံ” ဖွင့်ပွဲကို ကြည့်ရှုရမှာပါ။
ဒါ့အပြင် Live မလွှင့်ခင် မနက် Smile ကြိုတင်ရွေးထားတဲ့ နံပါတ် ၃ လုံးကို ခန့်မှန်းရမယ့် ဂိမ်းဖြစ်ပြီး Live စလွှင့်ချိန်တွင် ဖုန်းနံပါတ် တခုပေးမှာ ဖြစ်ပါတယ်။ အဆိုပါ နံပါတ်သို့ မိမိ ခန့်မှန်းထားတဲ့ နံပါတ် ၃ လုံးပေးပို့ကာ ကံစမ်းရမှာ ဖြစ်ပါတယ်။ ပထမဆုံး ပေးပို့တဲ့ နံပါတ်သာ အကျုံးဝင်မှာဖြစ်ပြီး နံပါတ် အများကြီး ပို့ရင်လည်း ပထမနံပါတ် တခုတည်းကိုသာ အတည်ပြုမယ်လို့ ဆိုပါတယ်။
Live ပြီးဆုံးချိန်မှာ စမိုင်းလ် ရွေးထားတဲ့ နံပါတ် ၃ လုံးကို ဖွင့်ပြမှာဖြစ်ပြီး မှန်အောင် ခန့်မှန်းနိုင်သူက ဆုငွေ ၁၀ သိန်း ရရှိမှာ ဖြစ်ပါတယ်။ အဖြေမှန်သူ ၁ ဦးထက် ပိုပါက ဆုငွေကို ခွဲယူရမှာ ဖြစ်ပါတယ်။ မမှန်ခဲ့ရင်တော့ နောက်ဆုံးအလုံးနဲ့ အနီးစပ်ဆုံး တူတဲ့သူကို ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
“Smile အွန်လိုင်းရုပ်ရှင်ရုံ” Application မှာတော့ “ဂယက်တွေပါဟယ်” ရုပ်ရှင်အပြင် တခြားသော ရုံမတင်ရသေးတဲ့ ရုပ်ရှင်များကိုလည်း ပြသပေးသွားမယ်လို့ သိရပါတယ်။
“ဂယက်တွေပါဟယ်” ရုပ်ရှင်မှာတော့ သရုပ်ဆောင် လူမင်း၊ ခန့်စည်သူ၊ ဖြိုးငွေစိုး၊ ထူးအောင်၊ ဆန်းထွဋ်၊ ထက်အောင်ရှိုင်း၊ မောင်မောင်အေး ၊ ခိုင်သင်းကြည်၊ စမိုင်းလ်၊ ကြည်လဲ့လဲ့ဦး၊ ပန်းဖြူ၊ ဖူးပွင့်သခင်နဲ့ အခြား အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲ ပြန်ဝင်လာတဲ့ စမိုင်းလ်