နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ပြန်ကြားရေးရုံးအဖွဲ့က ဝန်ထမ်းတဦးမှာ COVID-19 ရောဂါ တွေ့ရှိခဲ့တာကြောင့် အဲဒီ ဝန်ထမ်းနဲ့ ထိတွေ့ခဲ့သူ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူကိုလည်း ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့တဲ့အပေါ် ဇွဲလရောင်က အခုလို ဆိုပါတယ်။
“ဦးမောင်ဆိုလည်း တော်တော်လေး ဂရုစိုက်ပါတယ်။ Mask လည်း အမြဲတပ်တယ်။ ဝတ်စုံလည်း အမြဲ ဝတ်တယ်။ လမ်းကြောင်းတွေ သွားပေမယ့် လူတွေနဲ့ ထိတွေ့မှု နည်းတယ်။ လမ်းကြောင်းလည်း နည်းနည်းပဲ သွားတယ်။ အရမ်း ဂရုစိုက်နေတဲ့ ဦးမောင်၊ အသန့်အပြန့် ကြိုက်တဲ့ ဦးမောင်က ကူးတာပေါ့”
“အိမ်မှာ နေပါဆိုတဲ့အတိုင်း အိမ်မှာ နေကြပါ။ အပြင်ထွက်တာနဲ့ အန္တရာယ် အရမ်းများတယ်။ ပတ်ဝန်းကျင်မှာလည်း ဖြစ်တဲ့လူတွေ များလာတော့ ဂရုတစိုက်နဲ့ နေကြစေချင်တယ်”လို့ ဇွဲလရောင်က ဧရာဝတီကို ပြောပါတယ်။
အခုလို ဦးကျော်သူထံ Positive အဖြေထွက်လာတဲ့အတွက် အားလုံးက မမျှော်လင့်ထားသလို စိတ်မကောင်းလည်း ဖြစ်ရတယ်လို့ ဆိုပါတယ်။
“ဦးမောင်က အခု Positive အဖြေထွက်လို့ သာ ကျနော်တို့ လက်ခံရတာ။ ဦးမောင်က ကျန်းမာရေးကောင်းတယ်။ Home Quarantine လုပ်လည်း ကျန်းမာရေး ကောင်းတယ်။ အခုချိန်ထိလည်း ကောင်းတယ်။ ဘာလက္ခဏာမှ မပြဘူး။ အနံ့လည်း ရတယ်။ ဘာမှ မဖြစ်ဘဲနဲ့ ဒီလို အဖြေထွက်တော့ အားလုံး စိတ်မကောင်းဖြစ်ရတယ်။ ဖြစ်လာမယ်လို့ လုံးဝ မမျှော်လင့်ထားဘူး။ အခုလို ဖြစ်လာလို့လည်း စိတ်မကောင်းဖြစ်ရပါတယ်”လို့ ဇွဲလရောင်က ပြောပါတယ်။
လက်ရှိမှာတော့ ဦးကျော်သူဟာ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီ ဖြစ်ပြီး အမြန်ဆုံး ကျော်လွှားနိုင်ဖို့ကို ဆုတောင်းနေတယ်လို့ ဇွဲလရောင်က ဆိုပါတယ်။
“ဦးမောင်က ဝေဘာဂီ ဆေးရုံမှာပါ။ မကြာခင် ပြန်ကောင်းလာမှာပါ။ ဦးမောင် ကျော်လွှားနိုင်မှာပါ။ ဦးမောင်က Strong ဖြစ်တယ်။ ကျနော်တို့က တခုပဲ စိတ်ပူတာ ဦးမောင်က နှလုံး ခွဲစိတ်ထားတာလည်း ရှိတယ်။ ဆီးချိုလည်း ရှိတော့ ဦးမောင်ကို အကုန်လုံးက စိတ်ပူနေကြတာပေါ့။ ဦးမောင် ဒီလိုတွေ ဖြစ်မှာ စိုးလို့ မလာစေချင်ဘူး”
“သူသည် အကြီးအကဲ တယောက်အနေနဲ့ အိမ်မှာနေတာထက် စာရင် ရုံးမှာ ရှိချင်တယ်။ အခက်အခဲ တွေ အတူတူ ဖြတ်ကျော်ချင်တယ်။ အဲ့ဒါကြောင့် ဦးမောင်က ပြင်ဆင်ထားတတ်တဲ့စိတ်ကြောင့် ကျော်လွှားနိုင်မှာ သိပေမယ့် စိုးရိမ်စိတ်တော့ ရှိတယ်။ အခုတော့ ဦးမောင် အမြန်ဆုံး ကျော်လွှားနိုင်ဖို့ လည်း ဆုတောင်းပေးနေပါတယ်”လို့ ဇွဲလရောင်က ပြောပါတယ်။
နာရေးကူညီမှုအသင်း (ရန်ကုန်) အနေနဲ့လည်း ကိုဗစ်ကာလမှာ နာရေးလမ်းကြောင်းတွေကို သေချာ အကာအကွယ်ယူပြီး လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
“အသင်းကနေ ပထမတယောက် ဖြစ်တယ်။ နောက် ၃ ယောက်ထပ်ဖြစ်တော့ ပိုးတွေ့ ၄ယောက် ဖြစ်သွားတာပေါ့။ ကျနော်တို့ နာရေးကူညီမှုအသင်းကနေလည်း နာရေးလမ်းကြောင်းတွေကို သေချာ အကာအကွယ် ယူပြီး လုပ်ပါတယ်။ အခုကလည်း နာရေးလမ်းကြောင်းတွေ သွားရင်း ဖြစ်တာ မဟုတ်ပါဘူး”
“လမ်းကြောင်းသွားရင် အကာအကွယ်တွေ Level 2 လောက်ကို ဝတ်ရပါတယ်။ သေချာဝတ်ပြီး သွားရပါတယ်။ နောက်ပြီး ကားတွေကိုလည်း သေချာ ပိုးသတ်ပြီး သန့်ရှင်းရေး လုပ်ပါတယ်။ အန္တရာယ် ကင်းအောင်တော့ ကျနော်တို့ လုပ်ဆောင်နေပါတယ်”လို့ ဇွဲလရောင်က ပြောပါတယ်။
သရုပ်ဆောင် ဇွဲလရောင်ကတော့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ လုပ်အားပေးနေခဲ့တာ အချိန် ၆ လကျော် ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ COVID-19 ရောဂါများ မဖြစ်ပွားခင်ကလည်း “မ အက္ခရာ” ဆိုတဲ့ ဇာတ်ကားမှာ ကျော်သူရဲ့ငယ်ဘဝအဖြစ် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
You may also like these stories:
“ကျော်သူ မရှိရင် ကျော်သူထက် သာတဲ့တယောက် ရှိရမယ်”
အဆိုတော် အဲလက်စ်ရဲ့သမီး ဒိုရာအဲလက်စ် ဆွစ်ဇာလန်မှာ ကိုဗစ် ကူးစက်ခံရ
တိုင်းရင်းသား ဖြစ်တာကြောင့် ဆောင်းဦးလှိုင်ရဲ့သီချင်း ဆိုခွင့်ရခဲ့တဲ့ ဒေးဗစ်လိုင်