Entertainment

“Asian Academy Creative Awards” ပွဲမှာ National Winner ဆုရခဲ့တဲ့ ပန်းရောင်ခြယ်

Want create site? Find Free WordPress Themes and plugins.

စင်ကာပူနိုင်ငံမှာ တတိယအကြိမ်မြောက် ပြုလုပ်ခဲ့တဲ့ “Asian Academy Creative Awards 2020” ဆုရွေးချယ်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ “လိပ်ပြာ” ဇာတ်လမ်းတွဲနဲ့ National Winner “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု” ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် ပန်းရောင်ခြယ်က ဆုရတဲ့အတွက် ဝမ်းသာမိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“Asian Academy Creative Awards ပွဲမှာ ပန်းရောင်အနေနဲ့ Best Actress In A Leading Role မှာ National Winner အဖြစ် ဆန်ခါတင် ရွေးချယ်ခံရတဲ့အပေါ် အတိုင်းမသိ ဝမ်းသာမိတယ်။ ပျော်လည်း ပျော်ပါတယ်။ ဒယ်ဒီတို့၊ မာမီတို့၊ ညီမလေးတို့ကလည်း ဝမ်းသာနေကြပါတယ်”

ပန်းရောင်ခြယ် ပါဝင်တဲ့ “လိပ်ပြာ” ဇာတ်လမ်းတွဲ

“လိပ်ပြာကို အားပေးတဲ့ ပရိသတ်တွေ၊ ကြည့်ပြီးတဲ့ နောက်မှာ ဝေဖန်ပေးကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပန်းရောင်တို့ ကြိုးစားထားတာလေး အသိအမှတ်ပြုခံရတဲ့အတွက် ဆက်ရိုက်မယ့် အစီအစဉ်အတွက် အရမ်းကို အားရှိသွားတယ်လို့ ခံစားရတယ်”လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

အခုလို အသိအမှတ်ပြုခံရတဲ့အတွက်လည်း အရမ်းပီတိဖြစ်ရပြီး National Winner ဆု ရွေးချယ်ခံရသူတွေအနေနဲ့ ဒီဇင်ဘာမှာ ပြုလုပ်မယ့် Grand Final ပွဲကြီးကို ထပ်မံ ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံကသူတွေကို အသိအမှတ်ပြုခံလိုက်ရတယ်လို့ ခံစားရလို့ ပီတိဖြစ်ရတယ်။ ပန်းရောင်နဲ့ အတူ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်း ပါတဲ့သူတွေထဲမှာ ပန်းရောင်ထက် သရုပ်ဆောင် အရမ်းတော်ကြတဲ့သူတွေ တွေ့တယ်။ ဒီဇင်ဘာ ၃ ရက်၊ ၄ ရက်မှာ ကျင်းပမယ့် Grand Final ပွဲကြီးမှာလည်း ဒီဆုကို တကယ် ထိုက်တန်တဲ့သူက ရသွားလိမ့်မယ်လို့ မျှော်လင့်တယ်။ ယုံလည်း ယုံကြည်နေပါတယ်”လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

ဂီတမှာ အောင်မြင်မှုတွေ ရရှိပြီးသားဖြစ်တဲ့ ပန်းရောင်ခြယ် ကိုယ်တိုင်ကလည်း “လိပ်ပြာ” ဇာတ်လမ်းတွဲဟာ သူ့ရဲ့ သရုပ်ဆောင် ခြေလှမ်းအစ ဖြစ်သလို အခက်အခဲတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုတော်၊ သရုပ်ဆောင် ပန်းရောင်ခြယ် (ဓာတ်ပုံ – Pan Yaung Chel’s Facebook)

“လိပ်ပြာဇာတ်ကားက ပန်းရောင်အတွက် ပထမဆုံး သရုပ်ဆောင်အနေနဲ့ ခြေလှမ်းလည်း ဖြစ်တယ်။ ပထမဆုံး ဇာတ်ကား၊ ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်တဲ့အခါကျတော့ ပန်းရောင်အတွက် ပထမဆုံး အတွေ့အကြုံတွေ အများကြီးရှိတယ်။ ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေလည်း အများကြီး ရှိခဲ့တယ်။ သင်ယူခွင့်ရလိုက်တဲ့ သင်ခန်းစာတွေလည်း အများကြီး ရှိခဲ့ပါတယ်”

“ပန်းရောင်နဲ့ အလုပ်တွဲလုပ်တဲ့သူတွေ အားလုံးကလည်း အလုပ်ပေါ်မှာ စေတနာ ထားကြတယ်။ ပန်းရောင်ကို အရမ်းချစ်ပေး၊ အရမ်း စေတနာ ထားကြတဲ့အခါ ပထမဆုံး ရိုက်ကူးရေး အတွေ့အကြုံဆိုပေမယ့် ပေါ့ပေါ့ပါးပါးပဲ ပျော်စရာ ကောင်းတယ်။ ပန်းရောင်ကိုလည်း ချစ်ပေးကြတယ်။ အရမ်းစိတ်ဖိစီးမှု မများဘဲ စိုးရိမ်စိတ်တောင် လျော့လာတယ်။ အမှတ်တရတွေတော့ အများကြီးပဲ”လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

အဆိုတော် ပန်းရောင်ခြယ်နဲ့ ဖခင်ဖြစ်သူ ဂရေဟမ် (ဓာတ်ပုံ – Pan Yaung Chel’s Facebook)

ပန်းရောင်ခြယ်ကိုတော့ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ တွဲပြီး “Wake Up Daddy” ဆိုတဲ့ အခွေကတည်းကနေ ပရိသတ်တွေ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ပန်းရောင်ခြယ်က သရုပ်ဆောင် အနေနဲ့ “လိပ်ပြာ” ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

You may also like these stories:

“လိပ်ပြာ” ဇာတ်လမ်းတွဲ ၂ ဆက်လက်ရိုက်ကူးမယ့် အဆိုတော်ပန်းရောင်ခြယ်

“လိပ်ပြာ” ဇာတ်လမ်းတွဲ Season 2 ဆက်လက် ရိုက်ကူးတော့မယ့် ပန်းရောင်ခြယ်

ကံစမ်းမဲ အစီအစဉ်တွေနဲ့ အွန်လိုင်းကနေ ကြည့်နိုင်မယ့် စမိုင်းလ်ရဲ့ ရုပ်ရှင်အသစ်

Did you find apk for android? You can find new Free Android Games and apps.
Loading