ထိုင်းနိုင်ငံမှ ဒီမိုကရေစီအရေး ဆန္ဒပြသူတွေကို နိုင်ငံတွင်းနဲ့ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ K-pop ပရိသတ်တွေက ထောက်ခံနေကြပြီး အခုလို လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အသိပညာပေးတာ၊ ရန်ပုံငွေကောက်ခံပေးတာတွေ လုပ်ဆောင်နေကြပါတယ်။
K-pop အဖွဲ့တွေရဲ့ ပရိသတ် အသိုင်းအဝန်းတွေဟာ ၂၀၁၄ ခုနှစ်ကတည်းက အာဏာသိမ်းပြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့ ပရာယွတ်ကို ရာထူးမှ နုတ်ထွက်ပေးရေး၊ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ရေးဆွဲရေး အပါအဝင် ပြောင်းလဲမှုတွေကို တောင်းဆိုနေကြတဲ့ ဆန္ဒပြသူတွေကို ထောက်ခံကြဖို့ လှူဒါန်းမှုတွေ အတူတကွ လုပ်ဆောင်လာကြပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့မှာ ထိုင်းနေ့စဉ်သတင်းစာ Khaosod ရဲ့အဆိုအရ K-pop အဖွဲ့တွေရဲ့ ပရိသတ်အုပ်စု တော်တော်များများဟာ ဆန္ဒပြမှုတွေကို စီစဉ်နေတဲ့သူတွေကို ကူညီဖို့ ထိုင်းဘတ် ၃ သန်း စုဆောင်းရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်နဲ့ တက်ကြွလှုပ်ရှားသူ Intira “Sai” Charoenpura က BTS , EXO, GOT7 နဲ့ Girls’ Generation အဖွဲ့တို့ အပါအဝင် ပရိသတ် အုပ်စုတွေရဲ့ ရန်ပုံငွေဟာ ခေါင်းဆောင်းနဲ့ မိုးကာအင်္ကျီလိုမျိုး ပစ္စည်းတွေကို ဝယ်ယူဖို့ ကူညီခဲ့ကြတယ်လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
ဆန္ဒပြသူအချို့ကတော့ Girls’ Generation အဖွဲ့ရဲ့ သီချင်းဖြစ်တဲ့ “Into The New World” ကို လှုပ်ရှားမှုကို ဖော်ကျူးတဲ့ သီချင်းတပုဒ်အဖြစ် သတ်မှတ်လာကြပါတယ်။ ပိုမိုတောက်ပတဲ့အနာဂတ်အတွက် မျှော်လင့်ချက်ကို ဖော်ပြမှုတခုအနေနဲ့ တောင်ကိုရီးယား ဒီမိုကရေစီအရေး ဆန္ဒပြသူတွေကလည်း အဲ့ဒီသီချင်းကို သီဆိုခဲ့ဖူးတဲ့သမိုင်း ရှိခဲ့ဖူးပါတယ်။
K-pop အနေနဲ့ ပရဟိတ ကိစ္စတွေနဲ့ လူမှုဘဝ တရားမျှတရေး ကြိုးပမ်းချက်တွေကို လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်။
ပြီးခဲ့တဲ့နှစ် နွေရာသီကာလတုန်းကလည်း အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ Black Lives Matter လှုပ်ရှားမှုကို ထောက်ခံခဲ့ကြပြီး လူဖြူအရေးအစွန်းရောက်သူတွေရဲ့အသံကို လွှမ်းမိုးနိုင်ဖို့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို အသုံးချလာကြသလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူထုစုဝေးတခုမှာလည်း တက်ရောက်သူ အရေအတွက်ကို လျှော့ကျစေဖို့ ထိုင်ခုံတွေကို ဘိုကင်တင်ပြီး လာရောက်ခြင်း မပြုခဲ့ကြပါဘူး။
ထိုင်းဒီမိုကရေစီအရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ ထိုင်းနွယ်ဖွား K-pop စတားတွေဖြစ်တဲ့ 2PM အဖွဲ့ဝင် Nichkhun၊ (G)I-dle အဖွဲ့ဝင် Minnie နဲ့ GOT7 အဖွဲ့ဝင် BamBam တို့ကလည်း ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ဖော်ပြောဆိုထားပြီး ဆန္ဒပြမှုတွေက အကြမ်းဖက်မှုအသွင် ဆောင်လာတာကြောင့် ပရိသတ်တွေနဲ့ ဆန္ဒပြသူတွေ ဘေးကင်းလုံခြုံစေဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
Ref: asiaone
You may also like these stories:
K-pop ဟာ မျိုးဆက်သစ်တွေရဲ့အသံကို ကိုယ်စားပြုတယ်လို့ Queen အဖွဲ့ ချီးမွမ်း
ကမ္ဘာ့အကြီးဆုံး အခပေး အွန်လိုင်းဖျော်ဖြေပွဲ ကျင်းပနိုင်ခဲ့တဲ့ BTS အဖွဲ့