Entertainment

၁၁ ကားမြောက် ရုပ်ရှင်ဖြင့် “Fast & Furious” ရုပ်ရှင်စီးရီးကို အဆုံးသတ်မည်

ကမ္ဘာပေါ်မှာ တော်တော်လေး အောင်မြင်ကျော်ကြားခဲ့တဲ့ “Fast & Furious” ရုပ်ရှင်စီးရီးကတော့ ၁၁ ကားမြောက် ရုပ်ရှင်နဲ့ အဆုံးသတ်တော့မယ်လို့ Deadline မီဒီယာက သတင်းထုတ်ပြန်ပါတယ်။ လမ်းပေါ်မှာ ကားမောင်းပြိုင်တဲ့ ပုံစံကို အဓိကထားတဲ့ အဲ့ဒီအက်ရှင် ရုပ်ရှင်စီးရီး အသစ်ကို Universal Pictures ကနေ ထုတ်လုပ်ဖို့ရှိပြီး ဒါရိုက်တာ Justin Lin က ရိုက်ကူးဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ဒါရိုက်တာ Lin ဟာ အခုနှစ်မှာ ရုံတင်ဖို့ ပြင်ဆင်ထားတဲ့ ၉ ကားမြောက် ရုပ်ရှင် “F9” အပါအဝင် ရုပ်ရှင် ၅ ကားကို ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။ အခုတော့ နောက်ဆုံးထွက်လာမယ့် ရုပ်ရှင်ကို COVID-19 ကပ်ရောဂါကြောင့် နောက်နှစ် မေလအထိ ရွှေ့ဆိုင်းထားပါတယ်။

ဒါရိုက်တာ Lin ဟာ မင်းသား Vin Diesel နဲ့ ကွယ်လွန်သူမင်းသား Paul Walker တို့ ပါဝင်ထားပြီး ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့တဲ့ အဲ့ဒီရုပ်ရှင်စီးရီးနဲ့ နောက်ဆုံး ရုပ်ရှင်နှစ်ကားကို ရိုက်ကူးဖို့ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။ F9 ရုပ်ရှင်မှာတော့ မင်းသား John Cena ၊ ဗြိတိသျှမင်းသမီး Helen Mirren နဲ့ ဂရမ်မီဆုရအဆိုတော် Cardi B တို့လည်း ပါဝင်လာကြမှာ ဖြစ်ပါတယ်။

မင်းသား Diesel နဲ့ ကားပြိုင်မောင်းရတာ စိတ်ဝင်စားတဲ့ သူ့အဖော်တွေ ပါဝင်တဲ့ အဲ့ဒီရုပ်ရှင်စီးရီးဟာ ၁၁ ကားမြောက်မှာ အဆုံးသတ်တော့မှာဖြစ်ပေမယ့် “Fast & Furious” စီးရီးတခုလုံးမှာ ထွက်ခဲ့တဲ့ ရုပ်ရှင်တွေကနေ ဝင်ငွေ စုစုပေါင်း ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ ရရှိထားပြီး ဖြစ်ပါတယ်။

“Fast & Furious Presents: Hobbs & Shaw” လို့ နာမည်ပေးထားတဲ့ ခွဲထွက် ရုပ်ရှင်တကားကိုလည်း ပြီးခဲ့တဲ့နှစ်က ရုံတင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၇၅၉ သန်း ရရှိခဲ့ပါတယ်။ နောက်ထပ် ခွဲထွက်ရုပ်ရှင်တွေ ရိုက်ကူးဖို့လည်း ပြင်ဆင်နေပါတယ်။

ပထမဆုံး ခွဲထွက်ရုပ်ရှင်မှာတော့ မူရင်းစီးရီးထဲက အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Dwayne Johnson နဲ့ Jason Statham တို့ သရုပ်ဆောင်ထားကြပါတယ်။ မင်းသား Johnson ဟာ ၂၀၁၆ ခုနှစ်မှာ မင်းသား Diesel နဲ့ နေရာချင်း လဲခဲ့ပြီး မင်းသား Statham နဲ့အတူ သီးခြား မော်တော်ယာဉ် တခုထဲမှာ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

အခု နောက်ဆုံးရုပ်ရှင် နှစ်ကားမှာတော့ မင်းသား Johnson နဲ့ Statham တို့ ပြန်လည် ပါဝင်လာဦးမလားဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: straitstimes

You may also like these stories:

ဒါရိုက်တာ Zack Snyder ရဲ့ “Justice League” ဗားရှင်းအသစ်မှာ Jared Leto ပါဝင်မည်

အရှေ့တောင်အာရှ ယဉ်ကျေးမှုတွေ ပါဝင်တဲ့ “Raya and the Last Dragon” ရုပ်ရှင်

ကံစမ်းမဲ အစီအစဉ်တွေနဲ့ အွန်လိုင်းကနေ ကြည့်နိုင်မယ့် စမိုင်းလ်ရဲ့ ရုပ်ရှင်အသစ်

Loading