“ငါတို့အိမ်လေး ရဲရဲနီ ပြည်သူချစ်တဲ့ NLD” ပြိုင်ပွဲမှာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာရှိတဲ့ အိမ်နဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှ ပထမဆု ရရှိခဲ့တဲ့ အဆိုတော် ငွေဇင်လှိုင်းကတော့ တမိသားစုလုံးက NLD ကိုအားပေးပြီး မဲဆွယ်စည်းရုံးရေးတွေမှာလည်း ပါခဲ့တာကြောင့် ယှဉ်ပြိုင်ဖြစ်ခဲ့တာလို့ ဧရာဝတီကို ပြောပါတယ်။
“အဓိက ပြိုင်ပွဲဝင်တာကတော့ ငွေဇင်တို့က အိမ်မှာ စတစ်ကာလေးတွေ ကပ်ဖြစ်သွားတယ်။ NLD အောင်နိုင်ရေးတွေ လှည့်နေတဲ့အချိန် ငွေဇင်တို့အိမ်ကလည်း အဓိက လမ်းမကြီးဆိုတော့ စတစ်ကာတွေ ကပ်တယ်။
“အိမ်ကနေ ငွေဇင်တို့ မိသားစုအနေနဲ့ တထောင့်တနေရာကနေ ဝန်းရံတယ်ဆိုတာကို ပြချင်လို့ ကပ်ဖြစ်ရင်းနဲ့မှ ပြိုင်ပွဲတွေ ပေါ်လာတော့ ဘယ်လိုပဲဖြစ်ဖြစ် အိမ်မှာလည်း စတစ်ကာ ကပ်ပြီးသားလည်းဖြစ်တယ်။ အစကတည်းကလည်း ရှိနေတယ်။ ကိုယ့်အိမ်ကလည်း NLD ဝန်းရံဖို့အတွက် လုပ်ထားပြီးသားဆိုတော့ အခါအခွင့်လည်းသင့်လို့ ပြိုင်ဖြစ်တဲ့သဘောပေါ့” လို့ ငွေဇင်လှိုင်းက ပြောပါတယ်။
ပြိုင်ပွဲအတွက်တော့ အထူးတလည်ပြုလုပ်ရတာမျိုး မရှိဘဲ တမိသားစုလုံးက NLD ကို ထောက်ခံတဲ့သူတွေဖြစ်တာကြောင့် ကြိုက်နှစ်သက်တဲ့ ပါတီအတွက် အုတ်တချပ် သဲတပွင့်အနေနဲ့ ပါဝင်ဖြစ်တာလို့ သိရပါတယ်။
“အရမ်းကြီး ကြိုးစား အားမထုတ်လိုက်ရဘူး။ ငွေဇင်တို့အိမ်က ဈေးနဲ့ ကပ်လျက်မှာ ရှိနေတယ်။ ပြီးတော့ ဘေးမှာ မီးသတ်ရုံး ရှိတယ်။ အာရှလမ်းမကြီးဆိုတော့ သိပ်ပြီးတော့ အထူးတလည် လုပ်စရာ မလိုဘူး။ ငွေဇင်တို့ တမိသားစုလုံးက NLD ကို အားပေးတယ်။ ထောက်ခံတယ်။ ပြီးတော့ ငွေဇင့်ရဲ့အစ်ကို အကြီးဆုံးဆိုရင် အောင်နိုင်ရေး စည်းရုံးရေးတွေမှာဆိုရင် သူကိုယ်တိုင် ဦးဆောင်ပြီး ပါတယ်”
“ဦးလေးဆိုရင် အောင်နိုင်ရေးသီချင်းတွေ လုပ်တာ ၇ ပုဒ်လောက် ရှိတယ်။ သူတို့ဘာသာ အားစိုက်ပြီးလုပ်ထားတာ။ ငွေဇင်တို့ မိသားစု တစုလုံးကတော့ ထောက်ခံအားပေးပြီး ကိုယ်ကြိုက်တဲ့ ပါတီကို အုတ်တချပ် သဲတပွင့်အနေနဲ့ ပါဝင်ပြီး ဝန်းရံတာပေါ့နော်” လို့ ငွေဇင်လှိုင်းက ပြောပါတယ်။
ဆက်လက်ပြီး “ကိုယ်တိုင်အနေနဲ့တော့ NLD အောင်နိုင်ရေးအတွက် အဖွဲ့လိုက် သီချင်းဆိုပေးထားတာ ရှိတယ်။ ငွေဇင့်အနေနဲ့ကတော့ အုတ်တချပ် သဲတပွင့်အနေနဲ့ မဲရုံမှာသွားပြီး မဲပေးမယ်။ ကျန်တာကတော့ အဆင်ပြေရင် ပြေသလို နိုင်တဲ့အားလေးနဲ့ ဝန်းရံပေးဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ငွေဇင်လှိုင်းရဲ့ မိဘများ ပိုင်ဆိုင်တဲ့ အိမ်နဲ့ ပြိုင်ပွဲဝင်ရာမှ ဆုရတာနဲ့ ပတ်သက်ပြီး စပွန်ဆာ ရထားတဲ့အိမ် ဆိုတဲ့ ဝေဖန်မှုတခုကိုလည်း ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။
“အိမ်နဲ့ ပတ်သက်ပြီး ဝေဖန်တာတွေကိုတော့ အမှန်ကငွေဇင်က ဒီလိုအရာတွေနဲ့ ပတ်သက်ပြီး သိပ်ဖြေရှင်းလေ့ မရှိဘူး။ အိမ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုပေါ့။ လူတဦးတယောက်ရဲ့ အကြောင်းက ကိုယ်တိုင်က ဘယ်သူမှ ပိုပြီးတော့ မသိနိုင်ဘူးဆိုတော့ တော်ရုံဆိုရင် ဖြေရှင်းလေ့ မရှိပါဘူး။ တကယ်တမ်းပြောရရင် အခုခေတ်မှာက ကောင်းတဲ့ ကောမန့်ထက် မကောင်းတာကို ရေးလိုက်တာ ပိုပြီးတော့ လွယ်တယ်။ ပြီးတော့ ငွေဇင်တို့လို လူမျိူးတွေကျတော့ ပိုပြောခံရတာပေါ့နော်” လို့ ငွေဇင်လှိုင်းက ပြောပါတယ်။
ဝေဖန်မှုတွေကို ဖြေရှင်းလေ့ မရှိခဲ့ပေမယ့် အမှားတွေက ကြာရင် အမှန်ဖြစ်သွားတတ်တာကြောင့် ပြန်လည် ဖြေရှင်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။
“စပွန်ဆာဘာညာ ဆိုတာကလည်း ချောချောလှလှ ကောင်မလေးတွေကိုပဲ ပေးမှာပေါ့။ ကိုယ့်လိုမျိုး ရုပ်ဆိုးဆိုးနဲ့ ဂျမ်းတောမကြီးကို ဘယ်သူက စပွန်ဆာလာပေးမှာလဲ။ တချို့ကိုတော့ ဖြေရှင်းလေ့ မရှိပါဘူး။ တခါတလေ ဖြေရှင်းသင့်တယ်ထင်လို့ ဖြေရှင်းတယ်။ စိတ်ထဲမှာတော့ အကြာကြီး မထားပါဘူး။ ကိုယ်မဟုတ်တာလည်း အကုန်လုံးက သိနေတယ်။ မဟုတ်တာတခုကလည်း အမှားကြာရင် အမှန်ဖြစ်သွားတတ်တယ်လေ။ အဲဒါကြောင့် ဖြေရှင်းတာ ရှိတယ်။ လူတိုင်းကိုတော့ စိတ်ထဲထည့်ပြီး မခံစားပါဘူး” လို့ ငွေဇင်လှိုင်းက ပြောပါတယ်။
ငွေဇင်လှိုင်းတို့မိသားစုတွေကတော့ NLD ပါတီကို ၂၀၁၅ ခုနှစ်ကတည်းက ပါတီအောင်နိုင်ရေးတွေမှာ စည်းရုံးရေး ဆင်းပေးခဲ့တာဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ရချင်တဲ့အတွက် NLD ကို ထောက်ခံအားပေးရတာလို့လည်း ဆိုပါတယ်။
အဆိုတော် ငွေဇင်လှိုင်းကတော့ Myanmar Idol Season 3 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ ပရိသတ်များရဲ့ ချစ်ခင်မှုကို ရရှိလာခဲ့သူတယောက် ဖြစ်ပါတယ်။
You may also like these stories:
အခြေခံ လူတန်းစားတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ ငွေဇင်လှိုင်း
ကချင်ရိုးရာကြက်ကင်ရောင်းနေတဲ့ အဆိုတော်မိုင်းမိုင်ဆိုင်း