မြန်မာ့ရုပ်ရှင်လောကကို အပြောင်းအလဲတခု ဖြစ်စေခဲ့တဲ့ ရုပ်ရှင်ကား ၃ ကားကို ရိုက်ကူးခဲ့ပြီး နိုင်ငံအတွက်လည်း အခွန်များစွာ ပေးဆောင်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စနားခီက အနုပညာရဲ့ ဝင်ငွေဟာ တိုင်းပြည်တပြည်ရဲ့ ဘဏ္ဍာတခုဆိုတာ အားလုံးကို သိစေချင်တယ်လို့ ဆိုပါတယ်။
“အနုပညာနဲ့ ပတ်သက်ရင် အနုပညာရဲ့ဝင်ငွေဟာ တိုင်းပြည်ရဲ့ဘဏ္ဍာတခုပဲ ဆိုတာကိုတော့ အကုန်လုံးကို သိစေချင်တယ်။ အနုပညာက ရလာတဲ့ ဝင်ငွေအပေါ်မှာပဲ အနုပညာသမားတွေက ကိုယ့်ရဲ့ရုပ်ရှင် ပြတယ်။ ပြတဲ့အခါမှာ အခွန်ငွေ ဆောင်ရတယ်။ ဆောင်တဲ့အခါမှာ ခရစ္စမြင်တာတော့ အနုပညာလုပ်ငန်းကြီးဟာ တိုင်းပြည်တပြည်မှာ အရမ်းအရေးကြီးတယ်”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။
အခွန်ငွေတွေကနေတဆင့် အခုလို COVID-19 ဖြစ်နေတဲ့ကာလမှာ ပြန်လည် သုံးလို့ရတာကြောင့် အနုပညာရဲ့ဝင်ငွေဟာ ကြီးမားတယ်လို့ ဆိုပါတယ်။
“ဒီကရတဲ့ ဝင်ငွေတွေဟာလည်း အခုလို ကိုဗစ် ဖြစ်တဲ့ နေရာတွေမှာ ကုလို့ရမယ်။ လမ်းတွေ၊ တံတားတွေ ဆောက်လို့ ရမယ်။ အနုပညာရဲ့ဝင်ငွေကြီးက ကြီးမားပါတယ်။ ဒါကြောင့်မို့လို့လည်း လိုင်းပေါ်တင်ပေးလိုက်ပါလား၊ ဟိုလိုလုပ်ပေးလိုက်ပါလား၊ ဒီလိုလုပ်ပေးလိုက်ပါလားလို့ ပြောတဲ့အချိန်မှာ စိတ်မကောင်းဘူး။ တကယ်လည်း တင်ပေးချင်တယ်”
“တဆက်တည်းကို အခွေ ထုတ်မယ်။ တကယ့် ပရိသတ်တွေက သိမ်းထားချင်တာကို ထုတ်ပြီးရင်တော့ အရှေ့ရုပ်ရှင် ၂ ကားကိုတော့ လိုင်းပေါ်မှာ Free တင်ပေးလိုက်မယ်ပေါ့” လို့ ခရစ္စတီးနားခီက ပြောပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့မှာလည်း မနှစ်ကရုံတင်ပြသခဲ့တဲ့ “Now & Ever” ရုပ်ရှင်ကားကို Canal+ အခပေး ရုပ်သံလိုင်းမှာ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ခရစ္စကို မေးကြတယ်။ ဘာဖြစ်လို့ ၁ နှစ်ကြာမှ ပြရတာလဲဆိုပြီးတော့ ရုပ်ရှင်ကားကို ရုံတင်ပြီး ၁ နှစ်ကြာမှ ပြန်ပြခွင့် ရှိပါတယ်။ တခြား Channel ပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲထုတ်ထုတ် ၁ နှစ်နေမှသာပဲ ပြရမယ်ဆိုတဲ့ မြန်မာ့ရုပ်ရှင်အစည်းအရုံးကနေ ဥပဒေ ရှိတဲ့အတွက် အခုလို ၁ နှစ်နေမှ ပြသခွင့် ရှိတာပါ။ အရှေ့ ၂ ကားကို အခွေထုတ်မှာလားလို့ မေးတဲ့သူတွေကိုလည်း ထုတ်မှာပါ။ ဒါပေမဲ့ လုပ်နိုင်တဲ့ Team ကအရမ်း အားနည်းတယ်”
“ကိုဗစ်က ဖြစ်သွားတဲ့အခါကျတော့ ထိုင်းတို့ ဘာတို့ကနေ အခွေထုတ်ဖို့အတွက် မှာတဲ့အချိန်မှာလည်း လုပ်ငန်းတွေ ခက်ခဲတယ် ပြောတော့ မထုတ်ဖြစ်ဘူး ဖြစ်နေတယ်။ အဲဒါကြောင့် အရှေ့အခွေတွေ မထုတ်ဖြစ်ဘူး” လို့ ခရစ္စတီးနားခီက ပြောပါတယ်။
ရုပ်သံလိုင်းမှာ ပြသတဲ့အခါမှာလည်း Record လုပ်ပြီးတော့ အွန်လိုင်းပေါ် မတင်ကြဖို့အတွက် မေတ္တာရပ်ခံထားပါတယ်။
“Now & Ever ကို Canal + မှာပြတဲ့အခါကျရင် Screen Record လုပ်ပြီးတော့ လိုင်းပေါ်မတင်ပါနဲ့။ လိုင်းပေါ်တင်လိုက်ခြင်းအားဖြင့် Canal + ပိုက်ဆံ မရတော့ဘူးပေါ့နော်။ Canal + ပိုက်ဆံမရတော့ရင် Artist ပဲ နစ်နာတာပါ။ သူတို့တွေက တချိန်ကျရင် ဒီနိုင်ငံမှာလုပ်တာ အဆင်မပြေဘူးပဲဖြစ်ဖြစ် ငွေရှင်ကြေးရှင်တွေက နောက်လုပ်ငန်း ပြောင်းလိုက်လို့ရတယ်”
“Artist ကတော့ အနုပညာသမားဖြစ်နေတဲ့အတွက် ဒီအနုပညာနဲ့ ဆက်နေရတယ်။ အဲ့လို နေရတဲ့အချိန်မှာ ငွေမရှာနိုင်တော့ဘူးဆိုရင် ဘတ်ဂျက်ဆိုတဲ့ အရာကြီးနဲ့ အတိုင်းအဆီးကြီးတခုလို ဖြစ်ရတယ်။ အဲ့လိုဖြစ်မှာကို အရမ်းကြောက်တယ်။ ဒါကြောင့်မို့လို့ လိုင်းပေါ်မတင်ပါနဲ့လို့ မေတ္တာရပ်ခံပါတယ်”လို့ ပြောပါတယ်။
အဆိုပါ အကြောင်းအရာများကိုတော့ ဒါရိုက်တာ ခရစ္စတီးနားခီက ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဇဏ်ခီနဲ့အတူ အောက်တိုဘာလ ၂၃ ရက်နေ့က Live လွှင့်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
“တမိသားစုလုံးက NLD ကို အားပေးကြတာ”လို့ အဆိုတော် ငွေဇင်လှိုင်း ပြော
“Asian Academy Creative Awards” ပွဲမှာ National Winner ဆုရခဲ့တဲ့ ပန်းရောင်ခြယ်
“ဦးကျော်သူမှာ ဆီးချိုရှိတော့ အကုန်လုံးက စိတ်ပူနေကြတယ်”