အဆိုတော် တင်ဇာမော်ရဲ့ “High Street Live Concert” လို့ အမည်ရတဲ့ တကိုယ်တော် ဖျော်ဖြေပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့မှာ အွန်လိုင်းကနေ တိုက်ရိုက် ထုတ်လွှင့် ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
“ဒီအစီအစဉ်မှာ သီချင်းအားလုံး ၁၁ ပုဒ် ဆိုပါမယ်။ ဖြိုးပြည့်စုံနဲ့ ဂျူဝယ်ကလည်း သူတို့ရဲ့ ကိုယ်ပိုင် သီချင်းတွေကော၊ စုံတွဲ သီချင်းတွေကော၊ ကျမနဲ့ စုံတွဲ သီချင်းတွေကော ဆိုပါမယ်။ ဆိုတော့ တပွဲလုံး ပေါင်းလိုက်ရင် ၁၆ ပုဒ်လောက်ရှိမယ်။ ကျမ ၁၁ ပုဒ် ဆိုပါမယ်။ အဲ့ထဲမှာ ဘယ်သီချင်းတွေ ပါစေချင်လဲ။ ကျမ အတတ်နိုင်ဆုံး ကြိုးစားပြီး သီဆိုပေးပါမယ်”လို့ အဆိုတော် တင်ဇာမော်က ပြောပါတယ်။
တင်ဇာမော်ကတော့ ပရိသတ်တွေ ဆိုစေချင်တဲ့ သီချင်းများ သီဆိုပေးဖို့ ရှိပြီး၊ ပရိသတ် တောင်းဆိုမှု အများဆုံးနဲ့ အဆင်ပြေဆုံး သီချင်းများကို သီဆိုပေးသွားမယ်လို့ ဆိုပါတယ်။
အဆိုပါ ဖျော်ဖြေပွဲအတွက် တင်ဇာမော်နဲ့အတူ တီးဝိုင်းအဖွဲ့သားများက ပွဲလုပ်မယ့် ဟိုတယ်မှာ Hotel Quarantine ဝင်ရောက်ကာ သီချင်းများ တိုက်နေတယ်လို့ သိရပါတယ်။
“ကိုဗစ်အချိန်အတွင်းမှာ ဘယ်မှ မသွားတော့ဘူး။ ဘာမှ မလုပ်တော့ဘူး။ ဒုတိယလှိုင်းမှာ အရင်တုန်းကထက် ပိုပြီး အထူးဂရုစိုက်လိုက်တယ်။ ရောဂါတွေ့တဲ့သူလည်း များတယ်။ ကူးစက်မှုလည်း များတယ်ဆိုတော့ အားလုံးလည်း ကြောက်နေကြမှာပဲ။ ထိတ်လန့်နေကြမှာပဲ။ အားလုံးကို အားပေးချင်တာ အရမ်းလည်း ကြောက်မနေကြပါနဲ့။ ဒါပေမဲ့ ဂရုတစိုက်တော့ နေပါ”လို့ တင်ဇာမော်က ပြောပါတယ်။
အဆိုတော် တင်ဇာမော်က အဆိုပါ ဖျော်ဖြေပွဲကို တိုက်ရိုက် ထုတ်လွှင့်မယ့် “High Street Live Concert” Page ကနေ အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီအချိန်က ပရိသတ်များကို Live လွှင့် ပြောဆိုခဲ့တာဖြစ်ပြီး ပရိသတ်များက သီချင်းများ တောင်းဆိုခဲ့ကြပါတယ်။
ပရိသတ်တွေရဲ့ တောင်းဆိုမှု အများဆုံး သီချင်းနှစ်ပုဒ်က “ဧည့်သည်” နဲ့ “မှားပြန်တယ်” သီချင်းတို့ ဖြစ်ပြီး အဲဒီသီချင်း နှစ်ပုဒ်ကို ဖျော်ဖြေပွဲမှာ ထည့်သွင်း သီဆိုသွားမယ်လို့ တင်ဇာမော်က ပြောပါတယ်။
ဆက်လက်ပြီး တင်ဇာမော်က “နောက်ပြီး ကျမရဲ့ အမာခံ ပရိသတ်တွေက ကျမ ဆိုနေကျ မဟုတ်တဲ့ သီချင်းတွေ တောင်းဆိုနေတာ ရှိတယ်။ ဆိုတော့ ဒီတပွဲမှာတော့ ကျမက ဘယ်တုန်းကမှ မဆိုခဲ့ဖူးတဲ့၊ ကျမရဲ့ လွန်ခဲ့တဲ့ ၂၃ နှစ်လောက်က ထွက်ခဲ့တဲ့ သီချင်းနှစ်ပုဒ်ကို ဆိုဖို့ ရှိတယ်။ အဲ့နှစ်ပုဒ်က ဘယ်သီချင်းလဲဆိုတာ ၂၉ ရက်နေ့မှာ ပရိသတ်တွေ သိရမှာပါ”လို့ ဆိုပါတယ်။
“မိဘပြည်သူ သူငယ်ချင်း အပေါင်းအသင်းများအားလုံး ကျမတို့အားလုံးနဲ့ အတူ အောက်တိုဘာ ၂၉၊ ည ၈ နာရီမှာ ပျော်ပျော်ရွှင်ရွှင် ဆုံတွေ့နိုင်ဖို့အတွက် အကြောင်းကိစ္စ မရှိရင် အိမ်မှာပဲ နေပါ။ အပြင်ထွက်ရင် Mask တပ်ပါ။ လူစုလူဝေး ရှောင်ပါ။ လက်ကို ခဏခဏ ဆေးပါ။ အောက်တိုဘာ ၂၉ ရက်နေ့ ည ၈ နာရီတိတိမှာ ကျမတို့နဲ့အတူ အိမ်မှာ ရှိနေပေးပါ” လို့ တင်ဇာမော်က ပြောပါတယ်။
ဖျော်ဖြေပွဲမှာ အဆိုတော် တင်ဇာမော်နဲ့အတူ အဓိက ပါဝင်တီးခတ်ပေးမှာက Dream Lover Band ဖြစ်ပြီး အဆိုတော် ဖြိုးပြည့်စုံနဲ့ ဂျူဝယ်လ်တို့လည်း ပါဝင်အားဖြည့် သီဆိုသွားမှာ ဖြစ်ပါတယ်။
“High Street Live Concert” ကိုတော့ MPT Facebook Page နဲ့ High Street Live Concert Facebook Page တို့ကနေ အောက်တိုဘာလ ၂၉ ရက်နေ့၊ ည ၈ နာရီအချိန်မှာ တိုက်ရိုက် ထုတ်လွှင့် ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
You may also like these stories:
“အနုပညာရဲ့ဝင်ငွေဟာ တိုင်းပြည်တပြည်ရဲ့ ဘဏ္ဍာတခုပါ”လို့ ခရစ္စတီးနားခီ ပြော
“Asian Academy Creative Awards” ပွဲမှာ National Winner ဆုရခဲ့တဲ့ ပန်းရောင်ခြယ်
ကံစမ်းမဲ အစီအစဉ်တွေနဲ့ အွန်လိုင်းကနေ ကြည့်နိုင်မယ့် စမိုင်းလ်ရဲ့ ရုပ်ရှင်အသစ်