MRTV-4 ဇာတ်လမ်းတွဲများမှတဆင့် ပရိသတ်ရဲ့ ချစ်ခင်မှု ရရှိထားတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်က “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲ ရိုက်ကူးချိန်က အမှတ်တရများကို အခုလို ပြောပြခဲ့ပါတယ်။
“မာယာလှည့်ကွက် ဇာတ်လမ်းတွဲ မရိုက်ခင် ပါဝင်တဲ့သူ အကုန်လုံး Training တပတ် အရင်လုပ်ရတယ်။ ဇာတ်ညွှန်းစရကတည်းက ဒီကာရိုက်တာကို ဘယ်လို သရုပ်ဆောင်ရမလဲ သေချာ စဉ်းစားတယ်။ အထပ်ထပ် ကြိုးစားခဲ့တယ်။ အိုက်တင်ပိုင်းတွေ၊ ဖက်ရှင်ပိုင်းတွေ အကုန်လုံးလည်း သေချာ ပြင်ဆင်ခဲ့တယ်။ အဲ့မှာ ပြောင်းလဲလိုက်တာကတော့ ဆံပင်ပေါ့။ ညီမ ဆံပင် ခါးလောက် ရှိတယ်”
“ဆံပင်ရှည်ကို ညှပ်လိုက်ရတယ်။ အရောင်လည်း ချိန်းလိုက်ရတယ်။ အမှတ်တရအနေနဲ့ ဒီကားကို ရန်ကုန်မှာရော၊ မန္တလေးမှာရော ရိုက်ရတာဆိုတော့ မန္တလေးမှာ ရိုက်ရတဲ့နေ့တွေဆို အမှတ်တရတွေ များတယ်။ မန္တလေးမြို့မှာ ဇာတ်ကား ရိုက်ချင်ခဲ့တာမို့ ပျော်တယ်။ ညီမတို့ တဖွဲ့လုံး စည်းလုံးကြတယ်။ အခက်အခဲတွေ ညှိနှိုင်းရတာတွေလည်း ရှိတယ်။ တယောက်နဲ့ တယောက် အကြံဉာဏ်တွေလည်း ပေးကြတယ်။ ပျော်စရာလည်း ကောင်းတယ်”လို့ ပိုးကြာဖြူခင်က ပြောပါတယ်။
အိုက်တင်ပိုင်းနဲ့ ပတ်သက်ရင် အားရ ကျေနပ်မှု ရှိပြီး၊ ဘယ်နေရာမှာ အိုက်တင် လိုအပ်ချက်ရှိလဲဆိုတာ အမြဲ စစ်ဆေးဖြစ်တယ်လို့ ဆိုပါတယ်။
“အိုက်တင်ပိုင်းနဲ့ ပတ်သက်ရင် အားရကျေနပ်မှု ရှိတယ်။ ကိုယ့်ကို စာမေးပွဲ ပြန်စစ်နေသလိုပဲ။ ကိုယ်ဘယ်နေရာမှာ အားနည်းချက်ရှိလဲ။ ဘယ်နေရာမှာ လိုအပ်ချက်ရှိလဲ အမြဲ စစ်ဆေးနေရတယ်။ လေ့လာမှုအနေနဲ့ ဇာတ်ညွှန်းကို သေချာ ကြေညက်အောင် လုပ်တယ်။ ဇာတ်ညွှန်း စဖတ်ကတည်းက ကြိုသရုပ်ဆောင်ပြီး လေ့ကျင့်နေတာ”လို့ ပိုးကြာဖြူခင်က ပြောပါတယ်။
မင်းသားနဲ့ ရိုက်တဲ့ ဇာတ်ဝင်ခန်းတွေမှာ အရမ်းအားနာခဲ့ရပြီး သရုပ်ဆောင်ချိန်မှာလည်း မရယ်အောင် ထိန်းထားရတယ်လို့ ဆိုပါတယ်။
“မင်းသားနဲ့ ရန်ဖြစ်မယ့် ဇာတ်ဝင်ခန်းတွေဆိုလည်း အပြင်မှာ အရမ်းခင်ကြတော့ ပြောရမယ့် အခန်းတွေဆို အရမ်း အားနာတယ်။ ကြိုတောင်းပန်ရတယ်။ သူ ရည်းစားစကား ပြောတဲ့အခန်းတွေဆို အရမ်းရယ်ချင်တယ်။ သရုပ်ဆောင်ချိန်မှာ မရယ်အောင် ထိန်းထားရတယ်။ စီးပွားရေးသမားတယောက် အနေနဲ့ သရုပ်ဆောင်ရတော့ ကိုယ်တိုင်က စီးပွားရေးသမား မဟုတ်တော့ လေ့လာလို့ရမယ့် ရုပ်ရှင်တွေအများကြီး လေ့လာခဲ့ရတယ်”လို့ ပိုးကြာဖြူခင်က ပြောပါတယ်။
အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ဆိုပြီး “မာယာလှည့်ကွက်”မှာ စိတ်ဝင်စားစရာ လှည့်ကွက်တွေ ပါလာမှာမို့ ဆက်ကြည့်ပြီး အားပေးကြပါဦးလို့ ဆိုပါတယ်။
“ပရိသတ်တွေလည်း အရမ်းအားပေးကြလို့ ပျော်ပါတယ်။ ကိုယ့်အိုက်တင်တွေကိုလည်း သူတို့က အလွတ်ရပြီး လုပ်ပြကြတယ်။ လက်ဆောင်တွေလည်း ပေးကြတယ်။ အမှတ်တရ လက်ဆောင်တွေ လည်း ပေးကြတယ်။ ပျော်ရပါတယ်။ နောက်ကျန်တဲ့ အပိုင်းတွေကလည်း စိတ်ဝင်စားစရာ လှည့်ကွက်တွေ ပါလာမှာမို့ ဆက်ကြည့်ပြီး အားပေးကြပါဦး”လို့ ပိုးကြာဖြူခင်က ပြောပါတယ်။
ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲများစွာ ရိုက်ကူးထားပြီး၊ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲထဲက “ဆိုင်းမိုင်” ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်များက သူ့ကို အထူး အားပေးခဲ့ကြတာ ဖြစ်ပါတယ်။
You may also like these stories:
ကံစမ်းမဲ အစီအစဉ်တွေနဲ့ အွန်လိုင်းကနေ ကြည့်နိုင်မယ့် စမိုင်းလ်ရဲ့ ရုပ်ရှင်အသစ်
“တမိသားစုလုံးက NLD ကို အားပေးကြတာ”လို့ အဆိုတော် ငွေဇင်လှိုင်း ပြော
“Asian Academy Creative Awards” ပွဲမှာ National Winner ဆုရခဲ့တဲ့ ပန်းရောင်ခြယ်