မင်းသားကြီး အာနိုးရှာဝါဇနက်ဂါဟာ နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ Terminator မင်းသားကြီး အာနိုးဟာ နှလုံးထဲမှာ သွေးလွှတ်ကြောအဆို့ရှင် အသစ်တခုကို လဲခဲ့ပြီးတဲ့နောက် တော်တော်လေးကို ကျန်းကျန်းမာမာရှိတယ်လို့ ဆိုပါတယ်။
သူက “Cleveland ဆေးခန်းက အဖွဲ့ကို ကျေးဇူးတင်ပါတယ်။ ကျနော်ဟာ နောက်ဆုံး ခွဲစိတ်မှုမှာ အဆုတ်အဆို့ရှင် အသစ်နဲ့အတူ သွေးလွှတ်ကြော အဆို့ရှင်အသစ်တခုကို ရရှိခဲ့ပါပြီ။ တော်တော်လေးကို အခြေအနေ ကောင်းပါတယ်။ Cleveland လမ်းတွေပေါ်မှာတောင် လမ်းလျှောက်လို့ရနေပါပြီ။ ကျနော့်အဖွဲ့မှာရှိတဲ့ ဆရာဝန်နဲ့ သူနာပြုတိုင်းကို ကျေးဇူးတင်ပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
၂၀၂၀ ဘွဲ့ရမောင်မယ်များအတွက် အမှတ်တရ မိန့်ခွန်းထဲမှာတော့ မင်းသားကြီးဟာ အရေးပေါ် နှလုံးခွဲစိတ်ကုသမှု ခံယူရမယ့်အကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ မင်းသားကြီးက သူ့ရဲ့ ခွဲစိတ်မှုအပြီး ပြန်လည် သက်သာလာမယ့် အခြေအနေကို “Terminator: Dark Fate” ရုပ်ရှင် မကြာမီ ရိုက်ကူးမယ့် အခြေအနေနဲ့ ဥပမာပေး ပြောဆိုခဲ့ပါတယ်။
အခုလို COVID-19 ကာလနဲ့ ဘဝရဲ့နောက်ပိုင်း အချိန်တွေမှာ တွေ့ရမယ့် အခက်အခဲတွေကို ဘွဲ့ရမောင်မယ်တွေအနေနဲ့ ကျော်လွှားဖို့လည်း ဥပမာပေး ပြောဆိုခဲ့ပါတယ်။
သူက “ကိုဗစ်ကာလအတွင်း အခက်အခဲတွေကို ကျော်လွန်ဖို့ ဘွဲ့ရမောင်မယ်တွေကို အကြံပေးချင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခက်အခဲတွေ ပြည့်နေတဲ့ ကမ္ဘာကြီးမှာ မင်းတို့ ဘွဲ့ရခဲ့ပါပြီ။ ဒါကြောင့် ဘယ်လိုပဲ မင်းတို့ အောင်မြင်ခဲ့သည်ဖြစ်စေ၊ မင်းတို့ကို ငါသိစေချင်တာက အခက်အခဲတွေဆိုတာ အမြဲတမ်း ရှိနေမှာပါ။ ဒါပေမဲ့ မင်းတို့ဟာ ကျော်လွှားပြီး မင်းတို့ရဲ့ မျှော်မှန်းချက်ဆီ အရောက်လှမ်းနိုင်ရပါမယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဆက်ပြီး သူက “ဥရောတိုက်သားတွေဟာ များသောအားဖြင့် ဆေးကုသမှု ကိစ္စတွေအကြောင်း ထုတ်မပြောကြပါဘူး။ နိုင်ငံတော် လျှို့ဝှက်ချက်တွေလို ကာကွယ် ရပါတယ်။ ကျနော်ကတော့ အမေရိကန်လူမျိုး ဖြစ်တာကြောင့် Terminator ရုပ်ရှင်မတိုင်မီ ၄ လလောက်အလိုမှာ ကျနော် နှလုံးခွဲစိတ်မှု လုပ်မယ်လို့ ဝေမျှချင်ပါတယ်။ ဒီလိုခက်ခဲ ကြမ်းတမ်းတဲ့အချိန်မှာ မင်းတို့အတွက် စိတ်ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်” လို့လည်း ဆိုပါတယ်။
ဗီဒီယိုတခုထဲမှာ မင်းသားကြီး အာနိုးက “နှလုံးနံရံကို ဖြတ်ဖောက်ထုတ်ခဲ့တယ်လို့ သူတို့က ပြောတယ်။ ကိုယ်တွင်းသွေးယိုစိမ့်မှု ဖြစ်ခဲ့တယ်။ ကျနော့်ရဲ့ Sternum အရိုးကိုသာ သူတို့ မဖွင့်ခဲ့ဘူး၊ နှလုံးခွဲစိတ်မှု မလုပ်ခဲ့ဘူးသာဆိုရင် ကျနော် သေနိုင်တယ်လို့ သူတို့က ပြောတယ်” လို့လည်း ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ဆဋ္ဌမမြောက် “Terminator” ရုပ်ရှင်ရိုက်ကူးရေးက သူ့ကို အခက်အခဲတွေ ကျော်လွန်စေနိုင်ပြီး ပြန်လည် သက်သာလာစေဖို့ တွန်းအားပေးခဲ့တဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
NLD အောင်နိုင်ရေး ဇာတ်လမ်းမှာ ပါဝင်ဖြစ်ပုံ ပြောပြတဲ့ ရတနာဗိုလ်
၁၁ ကားမြောက် ရုပ်ရှင်ဖြင့် “Fast & Furious” ရုပ်ရှင်စီးရီးကို အဆုံးသတ်မည်
ထိုင်းဆန္ဒပြသူတွေအတွက် K-pop ပရိသတ်တွေ အကာအကွယ်ပစ္စည်းများ လှူဒါန်း