MGM ရုပ်ရှင် ထုတ်လုပ်ဖြန့်ချိရေးရဲ့ နောက်ဆုံးထွက် ဂျိမ်းစ်ဘွန်းရုပ်ရှင် “No Time to Die” ပြသမယ့်ရက်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပြီးတဲ့နောက် Netflix နဲ့ Apple လိုမျိုးအွန်လိုင်း Streaming ဝန်ဆောင်မှုတွေက အဲ့ဒီရုပ်ရှင်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
အခုနှစ် ဧပြီလမှာ ကနဦးပြသဖို့ စီစဉ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ နိုဝင်ဘာလအထိ ရွှေ့ဆိုင်းခဲ့ပါတယ်။ အဲ့ဒီနောက် COVID-19 ကပ်ရောဂါကြောင့် ရုပ်ရှင်တွေ ထိခိုက်မှု အဆုံးမသတ်သေးတာကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလအထိ မူရင်းသတ်မှတ် ကာလကထက် ၁ နှစ်နီးပါးအထိ ရွှေ့ဆိုင်းလိုက်ရပါတယ်။
Variety မီဒီယာရဲ့အဆိုအရ MGM စတူဒီယိုဟာ ရုပ်ရှင်ကို ပြသဖို့ ဒေါ်လာ သန်း ၆၀၀ နဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲ့ဒီသတင်းတွေကို MGM က ပြန်လည် ငြင်းဆိုထားပေမယ့် ပြိုင်ဘက် စတူဒီယိုတွေရဲ့အဆိုအရ အဲ့ဒီသဘောတူညီချက်ဟာ တော်တော်လေးကို လူသိထားပြီးဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။
အခုလို အချိန်အတွင်းမှာ Sony နဲ့ Paramount တို့လို စတူဒီယိုတွေဟာ “Greyhound” နဲ့ “Coming 2 America” တို့လို နာမည်ကျော် ရုပ်ရှင်တွေကို Streaming ဝန်ဆောင်မှုတွေထံ အောင်မြင်စွာ ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ မင်းသားကြီး အမီတာဘဂျမ်းရဲ့ “Gulabo Sitabo” ရုပ်ရှင်ဟာ ရုံတင်ပြသမှုအစီအစဉ်ကို လက်လွှတ်တော့မယ့် ပထမဆုံး ရုပ်ရှင်တွေထဲမှာ ပါဝင်လာခဲ့ပါတယ်။ သူ့ရဲ့ သားဖြစ်သူ မင်းသား အဘီရှက်ဘဂျမ်းရဲ့ “Ludo” နဲ့ “The Big Bull” ရုပ်ရှင်တွေကို Netflix နဲ့ Disney+ Hotstar ကနေ ပြသဖို့ စီစဉ်ထားပါတယ်။
MGM မှ ပြောခွင့်ရသူတဦးက “ကျနော်တို့ ကောလာဟလတွေကို မှတ်ချက်မပေးပါဘူး။ အဲ့ဒီရုပ်ရှင်က ရောင်းဖို့ မဟုတ်ပါဘူး။ ရုပ်ရှင်ချစ်သူတွေအတွက် ရုံမှာကြည့်ရတဲ့ ခံစားချက်ကိုပေးနိုင်ဖို့ ၂၀၂၁ ခုနှစ်၊ ဧပြီလအထိ ရွှေ့ဆိုင်းထားရတာ ဖြစ်ပါတယ်” လို့ Variety မီဒီယာကို ပြောဆိုထားပါတယ်။
ဒါရိုက်တာ Cary Joji Fukunaga ရိုက်ကူးထားတဲ့ “No Time to Die” ရုပ်ရှင်ဟာ ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ သန်း ၂၅၀ ရှိခဲ့ပါတယ်။ သတင်းတွေရဲ့အဆိုအရ ရုံတင်ရက် ရွှေ့ဆိုင်းရမှုကြောင့် MGM ဟာ ဒေါ်လာ သန်း ၃၀ နဲ့ ၅၀ ကြား ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
သတင်းထဲမှာတော့ ထုတ်လုပ်သူတွေ ဖြစ်ကြတဲ့ Barbara Broccoli နဲ့ Michael G. Wilson တို့ဟာ သဘောတူညီချက်ကို လက်မှတ် ရေးထိုးလိုက်ပြီလားဆိုတာ မရှင်းလင်းသေးဘူးလို့ ဖော်ပြထားပါတယ်။ တကယ်လို့သာ လက်မှတ် ရေးထိုးလိုက်တယ်ဆိုရင်တော့ အဲ့ဒီရုပ်ရှင်ကို နိုင်ငံတကာဆီ ဖြန့်ချိခွင့်ရထားတဲ့ Universal Pictures ကို နစ်နာကြေး ပေးရတော့မှာ ဖြစ်ပါတယ်။
Ref: hindustantimes
You may also like these stories:
နှလုံးအဆို့ရှင်လဲဖို့ ခွဲစိတ်မှု ခံယူခဲ့ရတဲ့ မင်းသားကြီး အာနိုး
၁၁ ကားမြောက် ရုပ်ရှင်ဖြင့် “Fast & Furious” ရုပ်ရှင်စီးရီးကို အဆုံးသတ်မည်
ဒါရိုက်တာ Zack Snyder ရဲ့ “Justice League” ဗားရှင်းအသစ်မှာ Jared Leto ပါဝင်မည်