သြစတြေးလျနိုင်ငံမှာ မိသားစုနဲ့အတူ နေထိုင်ရင်း ကင်ဆာရောဂါဖြင့် ဆုံးပါးသွားခဲ့တဲ့ အဆိုတော် မီးမီးခဲကိုတော့ သြစတြေးလျနိုင်ငံမှာ သူ့ရဲ့ကျန်ရစ်သူမိသားစုမှ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဂူသွင်း မြှုပ်နှံခဲ့ပါတယ်။
“အားလုံး ချစ်ရတဲ့ ကျနော့်ဇနီး မီးမီးခဲဟာ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဘုရားရှင်ရဲ့ ရင်ခွင်တော်သို့ ပြန်လည် ခေါ်ယူတော်မူခြင်းကို ခံစားခဲ့ရပါတယ်။ ဒီနေ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ ကျနော်တို့ မိသားစုဝင်များ သူ့ရဲ့ ကိုယ်ခန္ဓာကို နောက်ဆုံး နှုတ်ဆက်ခြင်းနှင့်အတူ ဆုတောင်း ဆည်းကပ်အပ်နှံခြင်း အစီစဉ်ကို ပြုလုပ်ခဲ့ပါတယ်” လို့ မီးမီးခဲရဲ့ ခင်ပွန်းက ပြောထားပါတယ်။
သူတို့ မိသားစုနဲ့အတူ ဝမ်းနည်းနေတဲ့အချိန်မှာ ဆုတောင်း၊ အားပေးခဲ့ကြတဲ့သူများနဲ့ ပရိသတ်များအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ဆိုထားပါတယ်။
“ကျနော်တို့ မိသားစုရဲ့ ဝမ်းနည်းဆုံးအချိန်မှာ ဆုတောင်းပေးခြင်း အားပေးခြင်းနှင့် အဘက်ဘက်မှ ကူညီပေးသောသူများ၊ လာရောက် မေတ္တာပြပေးသောသူများနှင့် ပရိသတ်များ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ အယောက်စီတိုင်းကို ဘုရားရှင် ကောင်းချီးပေးပါစေ” လို့ ပြောပါတယ်။
မီးမီးခဲကတော့ အောက်တိုဘာလ ၁၆ ရက်နေ့က သြစတြေးလျနိုင်ငံ စံတော်ချိန် ည ၉ နာရီ ၃၁ မိနစ် အချိန်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ မီးမီးခဲဟာ အသက် ၃၇ နှစ်အရွယ်ရှိပြီ ဖြစ်ပြီ သားသမီး ၃ ယောက် ကျန်ရစ်ခဲ့ပါတယ်။
မီးမီးခဲအနေနဲ့ ၂၀၂၀ နှစ်အစပိုင်းမှာ မြန်မာနိုင်ငံကိုပြန်လာခဲ့ပြီး သူ့ရဲ့တကိုယ်တော်ရှိုး “ Back to You” ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီက ရရှိခဲ့တဲ့ ငွေကြေးများကိုလည်း ကင်ဆာဝေဒနာရှင်များကို လှူဒါန်းခဲ့ပါတယ်။
အဆိုတော် မီးမီးခဲကတော့ ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီးနောက် ကင်ဆာအဆင့် ၄ အထိ ရောက်ရှိခဲ့ပြီး အချိန်တခုအကြာထိ ကင်ဆာရောဂါကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။
You may also like these stories:
မီးမီးခဲ ကွယ်လွန်မှုအပေါ် သမီးလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ထူးအယ်လင်း
ကင်ဆာရောဂါ ခံစားနေရသူများအတွက် နည်းလမ်းတခု မျှဝေခဲ့တဲ့ မီးမီးခဲ
“ပိုက်ဆံ ရချင်လို့ Show လာလုပ်တာ မဟုတ်ဘူး”လို့ ပြောတဲ့ မီးမီးခဲ