ပြီးခဲ့တဲ့ရက်ပိုင်းက အဆိုတော် ကျားပေါက်ရဲ့ Facebook Page ကနေ တင်ပေးခဲ့တဲ့ “ကြောက်ခေတ်” ဆိုတဲ့ သီချင်းထဲမှာ ပါဝင်တဲ့ စာသားများဟာ အခုလက်ရှိ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူအများကြား ပျံ့နှံ့နေပြီး နာမည်ကြီးနေပါတယ်။
ဒီသီချင်းဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ရေးသားထားတဲ့ Campaign သီချင်းတပုဒ် ဖြစ်ပြီး ဒီသီချင်းအတွက်လည်း သူ့ကိုယ်သူ ဂုဏ်ယူတယ်လို့ ကျားပေါက်က ဆိုပါတယ်။
“I’m proud of myself for this one. Never ကြောက်ခေတ် again please” လို့ ကျားပေါက်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
“ကြောက်ခေတ်” သီချင်းကိုတော့ ကျားပေါက်က သူ့ရဲ့ Kyar Pauk Page မှာ အောက်တိုဘာလ ၂၅ ရက်နေ့က တင်ပေးထားတာဖြစ်ပြီး အခုဆိုရင်တော့ ကြည့်ရှုသူ ၈ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။ ဒီသီချင်းထဲမှာတော့ ခေတ်တခေတ်မှာ အကြောက်တရား ရှိခဲ့ရတဲ့ အကြောင်းအရာကို ထိမိတဲ့ စာသားများနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။
အဆိုတော် ကျားပေါက်ရဲ့ “ကြောက်ခေတ်” သီချင်း
“မကြောက်လို့ရမလား သားကြီး သူတို့မှာ ဗျောက်တွေနဲ့” ဆိုတဲ့ စာသားကတော့ သီချင်းတပုဒ်လုံးမှာ ပရိသတ် အကြိုက်အတွေ့ဆုံး အပိုင်းလို့ ပြောလို့ ရပါတယ်။
ဒီသီချင်းကိုပဲ မေလသံစဉ်က Drum တီးပြီး ပြန်လည် တင်ဆက်ထားတာ တွေ့ရပါတယ်။ မေလသံစဉ်က ကိုယ်တိုင်ဆန္ဒမဲပေးရန် အသက်မပြည့်သေးပေမယ့် “ကိုယ်ကြိုက်တဲ့ ပါတီကို မဲပေးခွင့်ရှိမှာ ဆိုပေမယ့် ကြောက်ခေတ်ကိုတော့ ပြန်မရောက်ချင်ဘူးပေါ့နော်” လို့ ပြောထားပါတယ်။
“ကြောက်ခေတ်” သီချင်းကိုပဲ တခြားသော တူရိယာများတီးခတ်ပြီး တင်ဆက်ထားတာတွေကို ကျားပေါက်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန်လည် Share ပေးထားတာလည်း တွေ့ရပါတယ်။ ကျားပေါက်ကတော့ လတ်တလော အောက်တိုဘာလ ၂၅ ရက်နေ့ကပဲ သူ့ရဲ့တကိုယ်တော်သီချင်းခွေဖြစ်တဲ့ “Cinematicus” အခွေကို ထွက်ရှိထားပါတယ်။
You may also like these stories:
“ခေတ်တွေ ဘယ်လိုပြောင်းပြောင်း အခွေ ကောင်းဖို့ အဓိက”လို့ ပြောတဲ့ ကျားပေါက်