ကိုဗစ်ကာလမှာ ဖျော်ဖြေရေး အစီအစဉ်တွေ မရှိတာကြောင့် ရုပ်ရှင်ကြည့်ချင်တဲ့ ပရိသတ်တွေ အတွက် စမိုင်းလ်က အွန်လိုင်း ရုပ်ရှင်ရုံ Application လုပ်ဖြစ်ပုံ ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“ကိုဗစ်ကာလမှာ လူတွေက စိတ်ညစ်နေကြပြီ။ Entertainment ကလည်း မရှိဘူး။ ရုပ်ရှင်ကြည့်ချင်တဲ့သူတွေကလည်း အရမ်းများနေတယ်။ မကြည့်ရတဲ့အခါ စိတ်ညစ်လာကြတော့ ရုပ်ရှင်ရုံတွေကို Digital ပေါ်တင်လိုက်တဲ့ သဘောပဲ။ “Smile အွန်လိုင်း ရုပ်ရှင်ရုံ” ဆိုပြီး လုပ်ဖြစ်သွားတာပါ”
“Smile အွန်လိုင်း ရုပ်ရှင်ရုံကနေ “ဂယက်တွေပါဟယ်” အရင်ဆုံး တင်ဖြစ်တာကတော့ စမိုင်းလ် အနုပညာတွေ ပြန်လုပ်မယ်ဆိုကတည်းက ရိုက်ထားတဲ့ကားလေး ကြာလည်း ကြာနေပြီ။ အခုဆို စောင့်တာ ၃ နှစ်ပြည့်သွားပြီ။ အဲ့တော့ ပရိသတ်တွေ လက်ထဲကို အရင်ဆုံး ပြဖြစ်သွားတာပါ”လို့ စမိုင်းလ်က ပြောပါတယ်။
“Smile အွန်လိုင်း ရုပ်ရှင်ရုံ” Application မိတ်ဆက်တဲ့ နေ့မှာလည်း အွန်လိုင်းကနေ ပရိသတ်တွေအတွက် ကံစမ်းမဲများစွာ ဖောက်ပေးခဲ့တဲ့ အကြောင်းလည်း အခုလို ဆိုပါတယ်။

“ပရိသတ်တွေကို မဲဖောက်ပေးတာက ဇာတ်ကား ရုံတင်ရင် Red Carpet တွေ လုပ်ပြီး မိတ်ဆက်ကြတယ်။ ပိုက်ဆံတွေ အများကြီး ကုန်ပြီး နောက်ရက် လူတွေက အဖက်မလုပ်တော့ဘူး။ အဲ့လိုတွေ လုပ်နေမယ့်အတူ ဖုန်းလေးတွေ မဲဖောက်ပေးရင် သူတို့လည်း အမှတ်ရနေမှာပေါ့။ ဒါကလည်း စမိုင်းလ်တို့ စလုပ်လိုက်တဲ့ ပရိုမိုးရှင်း အိုင်ဒီယာလေးပါ”လို့ စမိုင်းလ်က ပြောပါတယ်။
“ဂယက်တွေပါဟယ်” ရုပ်ရှင်ကို ပရိသတ်တွေ တခဲနက် အားပေးကြလို့လည်း အရမ်းပျော်တယ်လို့ စမိုင်းလ်က ဆိုပါတယ်။

“ဒီကားလေးကို အရမ်းကြိုက်ကြ၊ သဘောကျကြတာ အရမ်းပျော်တယ်။ ကိုယ့်ပရိသတ်တွေ များလိမ့်မယ် မထင်ထားဘူး။ ကိုယ့်ပရိသတ်အပြင် မကြည်လဲ့တို့၊ မခိုင်လေးတို့၊ မပန်းဖြူတို့ ပရိသတ်တွေ အရမ်းများတော့ ထင်ထားတာထက် တခဲနက် အားပေးကြလို့လည်း ကျေးဇူးတင်ပါတယ်”
“ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတာ ပြန်ကြည့်ချိန်မှာ လိုအပ်ချက်လေးတွေ ရှိတာပေါ့။ ကိုယ့်အစ်မတွေနဲ့ သရုပ်ဆောင်ရတယ်။ ဒါရိုက်တာကလည်း ကိုယ့်ဆရာဆိုတော့ အမှတ်တရတွေ အများကြီးရှိခဲ့တဲ့ ကားလေးပါ”လို့ စမိုင်းလ်က ပြောပါတယ်။
“Smile အွန်လိုင်းရုပ်ရှင်ရုံ” ကနေ ဇာတ်ကားတွေကို ပုံမှန် အလှည့်ကျစနစ်နဲ့ တင်ပေးသွားမယ်လို့ စမိုင်းလ်က ဆိုပါတယ်။
“Smile အွန်လိုင်း ရုပ်ရှင်ရုံကနေ အခုတော့ “ဂယက်တွေပါဟယ်” တင်ပေးနေတယ်။ ပြီးသွားရင် “မသိဘူး ရစ်မယ်” ကားလေး ရှိတယ်။ အဲ့ကားလေး ပြီးသွားရင်တော့ ပုံမှန် အလှည့်ကျစနစ်နဲ့ တင်မယ်။ ပြီးရင် သူများတွေ ကားကို တင်ပေးမှာပါ။ တခါတင်ရင် ၂ လတိတိ တင်ပေးမှာပါ။ အစကတော့ ဗီဒီယို ဇာတ်ကားတွေ တင်ဖို့ လာကြတယ်။ အခု “ဂယက်တွေ ပါဟယ်” စတင်လိုက်တော့ ရုံကားတွေပဲ တင်ဖို့ လာပြောကြတယ်”
“ကိုယ့်လိုပဲ ပရိုဂျူဆာ အသစ်လေးတွေ အများကြီး ရှိတယ်။ တန်းစီပြီး စောင့်နေရတဲ့သူတွေလည်း အများကြီး ရှိတယ်။ ရုပ်ရှင်ရုံတွေ နည်းနေတော့ ရုံတင်ဖို့ စောင့်နေရတဲ့အခါ ကြန့်ကြာမှုတွေ ဖြစ်တာပေါ့။ အခုလို ဒီဂျစ်တယ်ဘက်ကို သွားလိုက်တဲ့အခါ ကျမတို့အတွက်တင် မကဘူး။ အကုန်လုံးအတွက် ဒီလမ်းကြောင်းကြီးက ပွင့်သွားတာပေါ့။ လမ်းကြောင်းသစ်တခုကို ဖောက်လိုက်တယ်လို့ပဲ ထင်ပါတယ်”လို့ စမိုင်းလ်က ပြောပါတယ်။
စမိုင်းလ်ရဲ့ “ဂယက်တွေပါဟယ်” ရုပ်ရှင်ကို “Smile အွန်လိုင်း ရုပ်ရှင်ရုံ” Application မှာ တင်ပေးခဲ့တာဖြစ်ပြီး အဲဒီ ရုပ်ရှင်မှာ သရုပ်ဆောင် လူမင်း၊ ခန့်စည်သူ၊ ဖြိုးငွေစိုး၊ ထူးအောင်၊ ဆန်းထွဋ်၊ ထက်အောင်ရှိုင်း၊ မောင်မောင်အေး ၊ ခိုင်သင်းကြည်၊ စမိုင်းလ်၊ ကြည်လဲ့လဲ့ဦး၊ ပန်းဖြူ၊ ဖူးပွင့်သခင်နဲ့ အခြား အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
ကံစမ်းမဲ အစီအစဉ်တွေနဲ့ အွန်လိုင်းကနေ ကြည့်နိုင်မယ့် စမိုင်းလ်ရဲ့ ရုပ်ရှင်အသစ်
ခိုင်နှင်းဝေ ရင်သွေးဂေဟာမှာ မွေးနေ့အလှူ လုပ်ခဲ့တဲ့ စမိုင်းလ်ရဲ့သမီးငယ်လေး
အွန်လိုင်းကနေ တိုက်ရိုက် လွှင့်မယ့် တင်ဇာမော်ရဲ့ “High Street Live Concert”