ရွေးကောက်ပွဲ ကျင်းပတဲ့ လုပ်ငန်းစဉ်များအတွင်း လူငယ်များ တတပ်တအား ပါဝင်ကြစေရန် တိုက်တွန်း အားပေးနိုင်တဲ့ သီချင်းများ ရေးစပ်ဖန်တီး၍ ယှဉ်ပြိုင်ကြဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ ဂီတဖန်တီးမှုပြိုင်ပွဲမှာ အနိုင်ရသူ ၃ ဦး ထွက်ပေါ်လာခဲ့ပါတယ်။
ဒီပြိုင်ပွဲကိုတော့ စက်တင်ဘာလ ၁၆ ရက်နေ့မှ အောက်တိုဘာ ၉ ရက်နေ့အတွင်းမှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ နေရာအနှံ့အပြားမှာရှိတဲ့ ရာပေါင်းများစွာသော ပြိုင်ပွဲဝင်များက သီချင်းများ ပေးပို့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။
အဆိုပါ သီချင်းများကိုတော့ အကဲဖြတ်ဒိုင်လူကြီးတွေဖြစ်ကြတဲ့ ဥက္ကာဦးသာ၊ အားတီနဲ့ မိစန္ဒီတို့က အားပေး လှုံ့ဆော်နိုင်စွမ်း၊ သီချင်းရေးသား ဖွဲ့စည်းပုံနဲ့ တင်ဆက်မှု စွမ်းရည်များအပေါ် မူတည်ပြီး ဆန်ခါတင် ၁၀ ဦးကို ရွေးချယ်ခဲ့ပါတယ်။
ဒိုင်များ ရွေးချယ်ခဲ့တဲ့ သီချင်း ၁၀ ပုဒ်ရဲ့ ဗီဒီယိုများကိုတော့ “First Time Youth Voters For 2020” Facebook Page မှာ တင်ပေးခဲ့ပြီး ပြည်သူများက အောက်တိုဘာလ ၁၅ ရက်ကနေ ၂၀ ရက်နေ့အထိ မဲပေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
အများပြည်သူများ မဲပေးရွေးချယ်ပေးခဲ့တဲ့ အနိုင်ရရှိသူ ၃ ဦးကိုတော့ မူရင်းသီချင်း အသစ်တပုဒ် ဖန်တီးနိုင်ရန်အတွက် ဂီတပညာရပ်ဆိုင်ရာ သင်ကြားပေးမှာဖြစ်ပြီး သီချင်းသစ်အတွက် ဂီတဗီဒီယိုတခု ဖန်တီးပေးခြင်း အပါအဝင် သီချင်းသစ်ကို ပညာရှင်အဆင့် အသံသွင်း၊ တည်းဖြတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြိုင်ပွဲမှာ ရွေးချယ်ခံခဲ့ရတဲ့ အနိုင်ရရှိသူ ၃ ဦးကတော့ “Together Bright” သီချင်းဖြင့် ယှဉ်ပြိုင်သူ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့မှ Mosses ၊ “မဲသွားပေးကြမယ်ဟေ့” သီချင်းဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ ဇေယျာပိုင်နဲ့ “အနာဂတ်အတွက် မဲတစ်ချပ်” သီချင်းဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့မှ June Hpaan တို့က ရရှိခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့သော သီချင်းများကိုလည်း လာမယ့် “နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဂီတဖျော်ဖြေပွဲကြီးအတွင်း ထုတ်လွှင့်ပြသခွင့်ရရှိမှာဖြစ်ပြီး အကဲဖြတ်ဒိုင်များကလည်း ဆန်ခါတင်၂ ဦးအား ထပ်မံရွေးချယ်ပြီး ဆုလက်ဆောင်အဖြစ် စမတ်ဖုန်း တလုံးစီ ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
“နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဂီတဖျော်ဖြေပွဲကိုတော့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဘန်နီဖြိုး၊ မေလသံစဉ်၊ အုပ်စိုးခန့်၊ ပန်းရောင်ခြယ်၊ Eternal Gosh ၊ J-Fire ၊ T ZIN နဲ့ FUN BAND အစရှိတဲ့ ပြည်တွင်းအနုပညာရှင်များရဲ့ ကြိုတင်ရိုက်ကူးထားသော သီဆိုဖျော်ဖြေမှုများစွာကို အွန်လိုင်းနဲ့ တီဗီရုပ်သံလိုင်းတို့မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
You may also like these stories:
NLD Campaign အတွက် ဖန်တီးထားတဲ့ ကျားပေါက်ရဲ့ “ကြောက်ခေတ်”
NLD အောင်နိုင်ရေး ဇာတ်လမ်းမှာ ပါဝင်ဖြစ်ပုံ ပြောပြတဲ့ ရတနာဗိုလ်
အွန်လိုင်းကနေ တိုက်ရိုက် လွှင့်မယ့် တင်ဇာမော်ရဲ့ “High Street Live Concert”