စီလင်းဒီယွန်နဲ့အတူ ဟောလိဝုဒ် ရုပ်ရှင်ကားမှာ သရုပ်ဆောင်မယ့် Priyanka Chopra
နာမည်ကျော် ဘောလိဝုဒ်နဲ့ ဟောလိဝုဒ် မင်းသမီး ပရီရန်ကာချိုပရာ (Priyanka Chopra) ဟာ နောက်ထပ် ရုပ်ရှင်အသစ် တကားအကြောင်း ကြေညာခဲ့ပါတယ်။ သူဟာ မင်းသား Sam Heughan ၊ အဆိုတော် Celine Dion တို့နဲ့အတူ “Text For You” လို့အမည်ရတဲ့ အချစ်ဒရာမာ ရုပ်ရှင်မှာ ပါဝင်သွားမှာဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်ဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “SMS Fur Dic” ဆိုတဲ့ ဂျာမန် ရုပ်ရှင်ကားကို အခြေခံထားပြီး ဒါရိုက်တာ Jim Strouse က ရိုက်ကူးမှာ ဖြစ်ပါတယ်။
မင်းသမီး Priyanka က အဲ့ဒီသတင်းကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ပြီး သူက “Jim Strouse, Sam Heughan, Celine Dion တို့လိုမျိုး ထူးခြားတဲ့လူတွေနဲ့ အံ့သြဖို့ကောင်းတဲ့ ရုပ်ရှင်မှာ စတင်ခွင့်ရလို့ စိတ်လှုပ်ရှားနေ မိပါတယ်။ ဂုဏ်ယူမိပါတယ်။ ဆက်သွားကြပါစို့” လို့ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ခင်ပွန်း Nick Jonas ကတော့ အဲ့ဒီပို့စ်ရဲ့ မှတ်ချက်ပေးတဲ့နေရာမှာ မီးတောက်သဏ္ဍာန် emoji ကို ပေးခဲ့တာ တွေ့ရပါတယ်။

Deadline မီဒီယာရဲ့အဆိုအရ အဲ့ဒီရုပ်ရှင်ဟာ ကွယ်လွန်သူ ခင်ပွန်းလောင်းရဲ့ ဖုန်းဆီ စာတို့မက်ဆေ့ချ်တွေ ပေးပို့နေတဲ့ အမျိုးသမီးတယောက်အကြောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူပေးပို့နေတဲ့ ခင်ပွန်းလောင်းရဲ့ ဖုန်းနံပါတ်ဟာ တခြား အမျိုးသားတယောက်ဆီ ရောက်သွားတဲ့အခါ ဖြစ်လာမယ့် ဖြစ်ရပ်တွေကို အခြေခံထားပါတယ်။
အခု ပြန်လည် ရိုက်ကူးမယ့် ရုပ်ရှင်မှာတော့ အတိတ်ရဲ့ အရိပ်ကနေ ရုန်းထွက်ပြီး အချစ်သစ်တခုကိုရှာဖွေဖို့ သတ္တိတွေပေးမယ့် သီချင်းတွေကို Celine Dion က သီဆိုဦးမှာ ဖြစ်ပါတယ်။
Priyanka ဟာ Amazon နဲ့လည်း ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ သဘောတူစာချုပ်ကို ချုပ်ဆိုထားပြီး ဘာသာစကားမျိုးစုံနဲ့ အကြောင်းအရာ တော်တော်များများကိုလည်း ထုတ်လုပ်ဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ “Sangeet” ဆိုတဲ့ ရသစုံစီးရီး၊ Russo ညီအကိုနဲ့အတူ ထုတ်လုပ်နေတဲ့ “Citadel” ရုပ်ရှင်နဲ့ “Sheela” ဆိုတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်တွေကိုလည်း လုပ်ကိုင် ဆောင်ရွက်နေပါတယ်။
Netflix အတွက်ကတော့ မင်းသမီးဟာ မင်းသား Rajkummar Rao နဲ့အတူ ဒါရိုက်တာ Ramin Bahrani ရိုက်ကူးထားတဲ့ “The White Tiger” ရုပ်ရှင်နဲ့ “We Can Be Heroes” ဆိုတဲ့ စူပါဟီးရိုးရုပ်ရှင်မှာလည်း ပါဝင်ထားပါတယ်။
မင်းသမီးဟာ Mindy Kaling နဲ့အတူ အချစ်ဟာသ ရုပ်ရှင်တကားကိုလည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မင်းသား Priyanka ဟာ မင်းသား Keanu Reeves နဲ့အတူ “Matrix 4” ရုပ်ရှင်မှာလည်း ပါဝင်လာဦးမှာပါ။
Ref: hindustantimes
You may also like these stories:
Lymphoma ကင်ဆာရောဂါ ခံစားနေရတဲ့ အော်စကာဆုရှင် မင်းသား Jeff Bridges
ပထမဆုံး “Wonder Woman” ရုပ်ရှင်အတွက် ဒေါ်လာ ၃ သိန်းသာရခဲ့တဲ့ Gal Gadot