မကြာခင်မှာ ကျင်းပတော့မယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးဟာ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးကြမယ့် ပြည်သူတွေအတွက် စနစ်တကျ မဲပေးနိုင်မယ့် နည်းလမ်းများကို သရုပ်ဆောင် ဒေါင်းက မျှဝေခဲ့ပါတယ်။
“ကျနော်တို့ မဲပေးတဲ့အခါ မဲရုံကိုသွားတဲ့အခါ သိထားသင့်တဲ့ အချက်အလက်တွေ ဆောင်ရန်၊ ရှောင်ရန် အရေးကြီးတဲ့ အချက်အလက်တွေကို ပြန်လည် မျှဝေချင်ပါတယ်။ ကျနော်တို့ မဲရုံကို သွားတဲ့အခါမှာ COVID-19 ကို ကာကွယ်ဖို့အတွက် လက်အိတ် စွပ်တာတွေ၊ Mask တပ်တာတွေကို မဖြစ်မနေ လုပ်သွားဖို့ လိုပါတယ်။ မဲရုံမှာလည်း တခြားသူတွေနဲ့ ခပ်ဝေးဝေး နေပေးစေချင်ပါတယ်။ အဲဒါ အရေးကြီးပါတယ်”
“နောက်တခုက မိမိအားပေးတဲ့ ပါတီရဲ့အလံတွေ၊ အမှတ်အသားတွေ၊ တံဆိပ်တွေ ပါဝင်တဲ့အသုံးအဆောင်ပစ္စည်းတွေ၊ အဝတ်အထည်တွေ မဝတ်ဆင်သွားပါနဲ့။ ဥပမာ အင်္ကျီတို့၊ ဖုန်းတို့၊ ရင်ထိုး၊ Mask တို့ကို သတိတရ စစ်ဆေးပြီးမှ သွားစေချင်ပါတယ်” လို့ ဒေါင်းက ပြောပါတယ်။
မဲလက်မှတ်များကိုလည်း သေချာစစ်ဆေးပေးဖို့ လိုအပ်တာကြောင့် စစ်ဆေးပြီးမှ မဲပေးစေချင်ကြောင်းလည်း ပြောပါတယ်။

“မဲလက်မှတ်ကိုလည်း သေချာစစ်ဆေးဖို့ လိုပါတယ်။ အစွန်းအထင်းတွေ၊ အပေါက်အပြဲတွေ သေချာစစ်ဆေးဖို့ လိုပါတယ်။ နောက်တခုက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တံဆိပ်တုံး၊ မဲရုံမှူးရဲ့လက်မှတ်တွေကို စစ်ဆေးပြီးမှ မဲပေးစေချင်ပါတယ်။ အကယ်၍ အဲဒါတွေ တခုခု ချွတ်ယွင်းနေပြီ ဆိုရင်တော့ မဲလက်မှတ်အသစ် တောင်းပြီးတော့ မဲပေးပါ” လို့ ဒေါင်းက ပြောပါတယ်။
အမြင်အာရုံ ချွတ်ယွင်းသောသူများ၊ အသက်ကြီးတဲ့သူတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဝင်များကို အဖော်အနေနဲ့ ခေါ်သွားစေလိုပြီး တခြားတစုံတယောက်ကို ခေါ်သွားပါက မိမိပေးလိုတဲ့ ပါတီ မဟုတ်ဘဲ အမှားအယွင်းဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။
“အမြင်အာရုံချို့ယွင်းတဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေဟာ တံဆိပ်တုံးထုတဲ့အခါမှာ အမှားအယွင်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့မိသားစု တစုံတယောက်ကို ခေါ်သွားလို့ ရပါတယ်။ အကယ်၍ တခြားတယောက်ကို အကူအညီတောင်းမယ်ဆိုရင် မိမိမဲပေးလိုတဲ့ ပါတီ မဟုတ်ဘဲနဲ့ အမှားအယွင်းတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် မိမိ မိသားစုဝင်ကိုသာ အဖော်အဖြစ် ခေါ်သွားပါ” လို့ ဒေါင်းက ပြောပါတယ်။
ဆက်လက်ပြီး “နောက်တခုက လွှတ်တော် ကိုယ်စားလှယ် စုံတဲ့အထိ မဲပေးပြီးမှ မဲရုံထဲက ထွက်ပါ။ အဲဒါ အရေးကြီးပါတယ်။ နောက်ထပ်အရေးကြီးတဲ့ တချက်ကိုလည်း ပြောပြချင်ပါတယ်။ ပြည်သူတယောက်အနေနဲ့ မဲ ၂ မဲ ပေးရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်မယ့် နေရာဆိုရင် မဲ ၄ မဲ ပေးရပါမယ်။ မဲ ၃ မဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ၁ မဲ ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အတွက် ၁ မဲ ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အတွက် ၁ မဲ၊ မဲ ၃ မဲ ပေးရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ မဲပေးခြင်း လမ်းညွှန်မှု အကြောင်းအရာများကိုတော့ ဒေါင်းက သူ့ရဲ့ Facebook Page မှာ မျှဝေပေးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင် ဒေါင်းကတော့ မကြာသေးခင်ကလည်း အဆိုတော် လေးဖြူ သီဆိုထားတဲ့ “ဆန္ဒမဲ ပေးကြမည်” သီချင်း Music Video မှာ ပါဝင် သရုပ်ဆောင် ထားပါတယ်။
You may also like these stories:
အနုပညာရှင်တယောက် အနေနဲ့ ကူညီပေးဖို့ အဆင်သင့် ရှိနေတဲ့ ဒေါင်း
ကိုဗစ်ကာလမှာ Facebook ကနေ စာဖတ်ပြတဲ့ ဒေါင်း
ဒေါင်းရဲ့မွေးနေ့မှာ ပရိသတ်များက အပင် ၁၈ သိန်းဖိုး လှူဒါန်းခဲ့