သရုပ်ဆောင် မောင် (ခ) ဒေါက်တာ စိန်ဖြိုးလှိုင်ဟာ ပြီးခဲ့တဲ့လအတွင်းက COVID-19 ရောဂါ Positive ဖြစ်ခဲ့ပြီး၊ ရောဂါ ပျောက်ကင်းသက်သာခဲ့ပြီးနောက် ယခုအခါ လက်ရှိ ဖောင်ကြီး ကိုဗစ် ကုသရေး စင်တာမှာ Volunteer အဖြစ် လုပ်ကိုင်ဆောင်ရွက် ပေးနေပါတယ်။
သရုပ်ဆောင် မောင်ကို စေတနာ့ဝန်ထမ်း လုပ်ဖြစ်ပုံ၊ အတွေ့အကြုံများနဲ့ အခက်အခဲများအကြောင်း ဧရာဝတီ သတင်းဌာနမှ အခုလိုပဲ ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ ဖောင်ကြီးမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။ စေတနာ့ဝန်ထမ်း လုပ်ဖြစ်တာလေး ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော် Positive ဖြစ်ပြီးဆေးရုံက ပြန်ဆင်းလာတော့ Volunteer လုပ်ဖို့ အတွက် ဖောင်တွေ တင်နေတာ။ ကိုဗစ် မတိုင်ခင်ကတည်းကလည်း အခြေအနေ ဆိုးလာရင် Volunteer လုပ်မယ်လို့ စဉ်းစားထားပြီးသား။ မိသားစုမှာ Positive ဖြစ်ပြီး ရှုပ်ယှက်ခတ်သွားတော့ မလုပ်ဖြစ်ဘူး။ ဆေးရုံကဆင်းလာတာနဲ့ ဖောင်တွေ တင်တယ်။ လှမ်းခေါ် ရင်း လုပ်ဖြစ်သွားတာ။
အစပိုင်းမှာ တယ်လီဖုန်းနဲ့ ဖြေရှင်းပေးရတာတော့ ကျနော် ပိုင်တယ်။ ကိုဗစ် စင်တာကို လာရမယ်၊ ဖောင်ကြီးကို လာရမယ်ဆိုတော့ သွေးပျက်သွားတယ်။ မသွားခင် မသွားတော့ရင် ကောင်းမလားတောင် တွေးတယ်။ ရောက်လာတော့ ဂျူတီ မဆင်းခင်အထိ ကြောက်နေတာ။ အခု အဆင်ပြေတယ်။ ကြောက်ထားသလို မဟုတ်ဘဲ အေးဆေးဖြေ ရှင်းပေးနိုင်တယ်။ ကြောက်ထားသလို မဟုတ်ဘူး။ ဂျူတီထွက်လာရင်တော့ ကျနော်တို့ ကူညီပေးခဲ့တာတွေကို ပီတိဖြစ်ရတယ်။
မေး။ ။ လုပ်ဆောင်နေရတဲ့ တာဝန်နဲ့ အခက်အခဲတွေလည်း ပြောပြပါဦး။
ဖြေ။ ။ အခု လုပ်ဆောင်နေရတာကတော့ တာဝန်ကျ ဆရာဝန်ပါ။ ဒီမှာတော့ ဆေးထိုးတာတွေ လုပ်ပေးရတယ်။ စာရွက်စာတမ်း ကိစ္စတွေ လုပ်ပေးရတယ်။ ဆရာဝန်၊ ဆရာမတွေ ခိုင်းတာ လုပ်ပေးရတယ်။ အခက်အခဲကတော့ အရမ်းမရှိပါဘူး။ ဆေးကျောင်းတုန်းကနဲ့ သိပ်မကွာဘူး။ အခုကတော့ စနစ်တကျဖြစ်လာတာပေါ့။
မေး။ ။ ဖောင်ကြီးမှာရော ဘာလိုအပ်ချက်တွေ ရှိလဲ။ Volunteer အနေနဲ့ ဘယ်ချိန်အထိ ကူညီပေးသွားမလဲ။
ဖြေ။ ။ ဖောင်ကြီးမှာ တော်တော် စုံစုံလင်လင် ရှိတယ်။ ပစ္စည်း ပြတ်သွားတယ်ဆိုတာမျိုး မတွေ့ရသေးဘူး။ လိုအပ်ချက်တွေကတော့ ထွေထွေထူးထူး မရှိပါဘူး။ အောက်တိုဘာ ၁၆ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်နေ့အထိ တာဝန်ယူရမယ်။ ပြီးရင် ကျနော် တယောက်ပဲ နေတဲ့အိမ် ရှိတယ်။ အဲ့မှာ တပတ် Quarantine နေရမယ်။ အခြေအနေ မကောင်းသေးရင်တော့ ကျနော် ပြန်သွားကူညီမှာပေါ့။ အခြေအနေကောင်းရင်တော့ အလုပ်တွေ ပြန်လုပ်လို့ရရင်တော့ အလုပ်တွေ ပြန်လုပ်မှာပါ။
မေး ။ ။ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မိဘနဲ့ မိသားစုဝင်တွေကရော သဘောတူ ကြည်ဖြူကြရဲ့လား။
ဖြေ။ ။ မိသားစုတွေကတော့ သိပ်ပြီး သဘောမတူချင်ဘူး။ ဒီအရွယ်ရောက်မှ တားလို့မရတဲ့အခါကျတော့ ဘာလိုအပ်လဲ အကုန်ပို့ပေးတယ်။ ကျနော့် ကောင်မလေးတော့ ခွင့်တောင်းရတာပေါ့။ သူကတော့ ခွင့်မပြုချင်ဘူး။ ၂ ပတ်ဆိုပြီး ညာပြီး ခွင့်တောင်းပြီး သွားလိုက်တာ။ စာထွက်တော့မှ ၄ ပတ် ဆိုတော့ သူလည်း တားလို့မရတော့ဘူး။ အခုတော့ သူလည်း ကျနော် လိုအပ်တာတွေကို လာပို့ပေးတယ်။ အဆင်ပြေကြပါတယ်။ စကားလည်းပြောဖြစ်တယ်။
မိသားစုက စိတ်ပူတာက ကျနော်က Positive ဖြစ်ပြီး ပြန်ကောင်းလာတာဆိုတော့ ဒုတိယအကြိမ် ထပ်ပြီး ကူးစက်ခံရမှာကို အိမ်က ကြောက်နေကြတာ။ သူတို့ကတော့ မပေါ့နဲ့ အမြဲ မှာတယ်။ အမေကတော့ မသွားစေချင်ဘူး။ ကျနော် ဒီရောက်လာတော့ သူ ဂုဏ်ယူတယ်။ မွေးရကျိုးနပ်တယ်လို့ လှမ်းပြောတယ်။ အဲ့လိုပြောတော့ ကျနော်လည်း အရမ်းပျော်တယ်။
မေး။ ။ အခုလို Volunteer လုပ်ပြီး ကူညီပေးနေရချိန်မှာ ရတဲ့ ပီတိလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော်တို့ ကူညီပေးလိုက်တဲ့ လူနာတွေ သက်သာရင် အင်မတန် ကြည်နူးပီတိ ဖြစ်ရပါတယ်။ ဘာနဲ့မှ မလဲနိုင်ဘူး။ အရင် House Surgeon လုပ်တုန်းကလည်း အဲ့လို ပီတိရခဲ့ပေမယ့် မေ့နေပြီ။ အခုအဲ့လို ပီတိလေးရတော့ ကြည်နူးရတယ်။
မေး ။ ။ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး တခြားသူတွေကို ဘယ်လို သတင်းစကားမျိုးတွေ အတွေ့အကြုံထဲက ဝေမျှချင်လဲ။
ဖြေ။ ။ ကိုရိုနာဗိုင်းရပ်စ်က နိုဝင်ဘာလကုန်လောက်မှာ ပျောက်သွားမယ့် အရာမျိုး မဟုတ်ဘူး။ ဘယ်အချိန်ထိသွားမယ်ဆိုတာ မသိနိုင်ဘူး။ ဒီရောဂါအတွက် မျှော်လင့်ချက်က ကာကွယ်ဆေး ထွက်လာတဲ့ အချိန်ပဲ။ မဟုတ်ဘူးဆိုရင် ပျောက်သွားလိုက်၊ ပေါ်လာလိုက်၊ ဆိုးသွားလိုက်၊ ကောင်းလာလိုက်ကတော့ဖြစ်နေဦးမှာပဲ။ အဲ့အတွက် ဂရုစိုက်စေချင်တယ်။ လူစုလူဝေး မသွားစေချင်ဘူး။
ကိုယ်က လူငယ်မို့ ထိသွားတာ ပြဿနာ မရှိပေမယ့် မဲတွေသွားဆွယ်တာဖြစ်ဖြစ်၊ လူများတဲ့နေရာ သွားတာဖြစ်ဖြစ်၊ သွားပြီးတော့မှ အိမ်က လူတွေ ကိုယ့်ဆီကနေ ကူးလာမယ်ဆိုရင် ကိုယ်သတ်လိုက်သလို ဖြစ်သွားမယ်ဆိုတာကို အမြဲ သတိရဖို့ အရေးကြီးတယ်။ အဲ့အတွက် ဆင်ခြင်ကြပါလို့ ကျနော်က ပြောချင်ပါတယ်။
ပရဟိတသမားတွေက သူတို့က စိတ်အား ထက်သန်လွန်းတယ်။ ကျနော်တို့က ကျနော်တို့နဲ့ ဆိုင်လို့ လာကူညီပေးရတာ။ သူတို့ ပရဟိသမားတွေကို လေးလည်း လေးစားပါတယ်။ အားလည်း ကျပါတယ်။ ကိုဗစ်ဖြစ်ခဲ့ရင်လည်း အားမငယ် စိတ်ဓာတ်မကျဖို့ အရေးကြီးပါတယ်။ ပြန်ကောင်းလာမှာပါ။ အားတင်းထားစေချင်တယ်။
မေး။ ။ အစ်ကိုတို့ Page ကနေကော ဘာတွေ တင်ပေးဖို့ ရှိမလဲ။
ဖြေ။ ။ ကျနော်တို့ Page လေးကလည်း ပထမ ကိုဗစ်ဖြစ်တော့ ပျင်းနေတာနဲ့ ဟိုရိုက်ဒီရိုက် လုပ်ရင်း ရိုက်ဖြစ်သွားတယ်။ အစပိုင်းမှာ ဟင်းချက်တာတွေ၊ ခရီးသွားတာတွေ တင်တယ်။ အခုကတော့ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်တာတွေ တင်ပေးဖြစ်တယ်။ လာမယ့် အပတ်မှာ “ဖောင်ကြီးမှာ ၂၄ နာရီ” ဆိုတဲ့ Vlog လေးတခု တင်ပေးဖို့ ရှိတယ်။
ဒီ Vlogလေးကတော့ မနက် ၈ နာရီကနေ နောက်နေ့ မနက် ၈ နာရီ အထိ ဘာတွေလုပ်လဲ ဆိုတာကို ရိုက်ထားတာ။ ကျနော် ဒါလေးကို ရိုက်တာကလည်း ဖောင်ကြီးမှာ အခြေအနေ ဘယ်လိုရှိလဲဆိုတာ သိပ်မသိကြဘူး။ တလွဲ မြင်နေတာလည်း ရှိတယ်။ အဲ့ဒါတွေကို ကျနော် ပြောပြချင်တယ်။ ကျနော်တို့ ဆရာဝန်တွေ ဘယ်လို လုပ်ပေးနေတယ်ဆိုတာ ပြောပြချင်လို့ ရိုက်ပြီး တင်သွားမယ်။ ။
You may also like these stories:
COVID–19 အတွေ့အကြုံများကို ပြန်လည် မျှဝေခဲ့တဲ့ သရုပ်ဆောင် မောင်
အစ်မရဲ့ ကလေးများကို စောင့်ရှောက်ရင်း COVID-19 ကူးစက်ခဲ့တဲ့ မောင်