အဆိုတော် ဗညားဟန်ကတော့ COVID-19 ရောဂါ ရန်ကုန်မှာ စဖြစ်ကတည်းက နယ်ကိုရောက်နေပြီး နယ်က အိမ်မှာပဲ Stay at home နေဖြစ်တယ်လို့ ဆိုပါတယ်။
“ရန်ကုန်မှာ ကိုဗစ်ဖြစ်တော့ ကျနော် ရန်ကုန် မနေဘဲ နယ်ပြန်နေတာပေါ့။ မကွေးတိုင်းကို ပြန်လာတယ်။ ဒီမှာလည်း စတိုးဆိုင်ဖွင့်ထားတာဆိုတော့ မိသားစုကလည်း စီးပွားရေးလုပ်၊ ကျနော်က အနုပညာလုပ်ခဲ့တာပေါ့။ အခု ကိုဗစ်ဖြစ်တော့ အလုပ်မရှိတော့ အိမ်မှာ ပြန်နေရတာပေါ့။ အခုတော့ ဆိုင်ခဏပိတ်ပြီး မိသားစုလိုက် Stay home နေနေတာပေါ့”လို့ ဗညားဟန်က ပြောပါတယ်။
ဗညားဟန်ကတော့ မကွေးတိုင်းဒေသကြီးက ဖြစ်ပြီး နယ်တွေမှာလည်း ပိုးတွေ့သူရှိပေမယ့် ထိတွေ့မှု နည်းတာကြောင့် စိုးရိမ်ရတဲ့အဆင့်တော့ မရှိဘူးလို့ ဆိုပါတယ်။
“နယ်မှာလည်း ပိုးတွေ့တွေ ရှိတယ်။ ခရီးပြန်တွေကနေတဆင့် ပါလာတာပေါ့။ နယ်တွေမှာတော့ ခရီးထွက်တဲ့သူတွေ ပြန်လာရင် ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ ဖြစ်တဲ့သူ နည်းပါတယ်။ မစိုးရိမ်ရတာက နယ်မှာကျတော့ တယောက်နဲ့ တယောက် ထိတွေ့ဖို့က ခက်တယ်”
“နယ်မှာ တအိမ်က ဖြစ်ပြီဆိုရင် မိသားစုတွင်းဖြစ်ပြီး ပျောက်သွားမှာပဲ။ တခြံနဲ့ တခြံက နည်းနည်းဝေးတော့ နယ်မှာက အသက်ရှူချောင်တာပေါ့။ ရန်ကုန်ကတော့ လူများတော့ ထိတွေ့ လှုပ်ရှားနေကြရတာပဲပေါ့။ နယ်မှာတော့ စိုးရိမ်ရတဲ့ အဆင့် မရှိပါဘူး”လို့ ဗညားဟန်က ပြောပါတယ်။
ကိုဗစ် ဒုတိယလှိုင်းဟာ ကူးစက်သူ အရေအတွက် များတာကြောင့် အတတ်နိုင်ဆုံး အိမ်မှာပဲ နေကြဖို့နဲ့ အပြင်ထွက်တဲ့အခါမှာလည်း စည်းကမ်းတကျ ထွက်ကြဖို့ အခုလိုပဲ ဆိုပါတယ်။
“အိမ်မှာပဲ နေကြပါ။ အိမ်မှာပဲ နေကြပါဆိုတာ ပြောရမယ့် စကားပဲ။ နေလည်း နေရမှာပဲ။ အိမ်ထဲမှာပဲ နေမယ်၊ စားဝတ်နေရေးအတွက် ဘယ်သူက လာပေးမလဲ ဒါကလည်း မှန်တာပဲ။ စားဝတ်နေရေးအတွက် ထွက်စရာလိုရင်တော့ ထွက်ကြရမှာပေါ့။ ထွက်တဲ့အခါကျရင်သာ စည်းကမ်းတကျလေးနဲ့ သေချာလိုက်နာပြီး ထွက်ကြဖို့နဲ့ အိမ်ပြန်ရောက်ရင်လည်း ညွှန်ကြားထားတဲ့အတိုင်း စနစ်တကျလေး လိုက်နာပြီး လုပ်ဆောင်ကြဖို့ အကြံပေးချင်ပါတယ်”
“လူတိုင်းက အိမ်ထဲမှာ နေနိုင်ချင်မှ နေနိုင်မယ်။ နေနိုင်သူတွေ နေနိုင်ပေမယ့် မိသားစု စားဝတ်နေရေးအတွက် မိသားစုအရေးကိစ္စအတွက် ထွက်ရမယ့်သူတွေကလည်း ထွက်ရမှာပဲ။ ထွက်ရင်လည်း ဂရုတစိုက် ထွက်ကြပါ”လို့ ဗညားဟန်က ပြောပါတယ်။
ဗညားဟန်ကတော့ အိမ်မှာနေစဉ် ကာလအတွင်းမှာ စာအုပ်ဖတ်၊ သတင်းတွေ ကြည့်ပြီး အားတဲ့ အချိန်မှာ Tik Tok ဗီဒီယိုတွေလည်း ရိုက်ဖြစ်တယ်လို့ ပြောပါတယ်။
“အခုချိန်မှာ အိမ်မှာ နေရတယ်။ စာအုပ်ဖတ်၊ သတင်းတွေကြည့်၊ Tik Tok ရိုက်၊ Facebook ကြည့်နဲ့ သီချင်းလေးတွေဆိုလိုက် တီးလိုက်နဲ့ လုပ်နေပါတယ်။ Tik Tok ကြည့်ရင်းကနေ ဆော့ဖြစ်သွားတာပါ။ အစကတော့ ဆော့ဖို့ စိတ်ကူးမရှိဘူး။ ဆော့ဖြစ်မယ်လို့လည်း မထင်ခဲ့ဘူး။ Tik Tok ကို မဆော့ဘူးလို့တောင် အင်တာဗျူးတွေ ဖြေဖူးတယ်။ အစက စိတ်ကူး မရှိတာ ဝန်ခံတယ်”
“နောက်ပိုင်း ပျင်းတော့ အပျင်းပြေ ဝင်ကြည့်ရင်းနဲ့ Tik Tok ကိုကြည့်တာ စွဲသွားတယ်။ နောက် ကိုယ်တိုင်က အနုပညာသမားဆိုတော့ ပိုးကရှိတော့ စဆော့ကြည့်ရင်းနဲ့ ဆော့ဖြစ်သွားတာ။ စိတ်အပန်းဖြေစေတယ်။ ဟာသလေးတွေ ဆော့ရင်း ပရိသတ်တွေ ကြည့်ရင်း ရယ်မောရတယ်ဆိုတော့လည်း ဝမ်းသာရတာပေါ့”လို့ ဗညားဟန်က ဆိုပါတယ်။
ဆက်ပြီး “ကျနော် Tik Tok ကို comment ပိတ်ဆော့တယ်။ အနုပညာသမားက ကောင်းတဲ့ comment တွေ အကြံပေးတာလေးတွေဆို တော်သေးတယ်။ မဟုတ်တဲ့ comment ကောင်းတာလုပ်လုပ်၊ မကောင်းတာလုပ်လုပ် ဆဲနေတဲ့သူတွေနဲ့ကျတော့ စိတ်မညစ်ချင်တာနဲ့ comment ပိတ်ပြီး ဆော့တယ်”လို့ ဗညားဟန်က ပြောပါတယ်။
အဆိုတော် ဗညားဟန်ကတော့ ၂၀၀၂ ခုနှစ်မှ စတင်ကာ မြန်မာသံစဉ် သီချင်းများနဲ့ ထိုးဖောက်ခဲ့တဲ့ မြန်မာသံ အဆိုတော်တဦး ဖြစ်ပြီး တေးသီချင်းခွေ များစွာ ထွက်ရှိခဲ့ပါတယ်။
You may also like these stories:
“အနုပညာနဲ့ ပတ်သက်ရင် ရိုးသားစွာ ချပြပါ”လို့ အကြံပြုတဲ့ ဗညားဟန်