မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကိုဗစ် ဒုတိယလှိုင်းဟာ ပထမလှိုင်းထက် ပိုးတွေ့လူနာ ပိုများပါတယ်။ တနေ့ထက်တနေ့ အရေအတွက် တိုးလာတဲ့ ကိုဗစ်လူနာတွေကို ရှေ့တန်းကနေ တိုက်ပွဲဝင် ကုသပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအတွက် အနုပညာရှင်များက အခုလိုပဲ အားပေး ဂုဏ်ပြုစကား ပြောခဲ့ကြပါတယ်။
အဆိုတော် ပန်းရောင်ခြယ်
“အခုလိုချိန်မှာ အသက်ကို စွန့်ပြီး ကိုယ်ကျိူးစွန့်ပြီး အားလုံးကို စောင့်ရှောက်ပေးနေအတွက် ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ Volunteer ပရဟိတသမားတွေ၊ အလှူပြုနေတဲ့သူတွေကို အရမ်း လေးစားတယ်။ တတ်နိုင်သလောက်လေးတွေ ပါဝင်နေကြတဲ့အတွက် အားလုံး တက်ညီလက်ညီ ကျော်လွှားဖို့ ကြိုးစားနေကြတဲ့အတွက် အကုန်လုံးကို လေးစားပါတယ်”
အဆိုတော် ဗညားဟန်
“ဒီကာလမှာ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ Volunteer တွေ၊ ပရဟိတသမားတွေ သူတို့ကို တော်တော်ကို လေးလေးစားစားနဲ့ ချီးကျူးပါတယ်။ ဒီကာလမှာ လူတိုင်း အိမ်ထဲက အိမ်ပြင်မထွက်ရဲကြဘူး။ သူတို့မှာ အိမ်ထဲမှာနေလို့ မရဘူး။ သူတို့ ထွက်ပြီး လုပ်ကြရတယ်။ သူတို့ ပင်ပန်းလှပါပြီ။ သူတို့ကို အင်အားရှိဖို့ လိုတယ်။ သူတို့ကို တဖက်တလှမ်းက ဘာကူညီနိုင်မလဲဆိုရင် သူတို့ ချမှတ်ထားတဲ့ စည်းကမ်းတကျ နေထိုင်ခြင်းဟာ သူတို့ကို အားပေးခြင်းပါပဲ”
“အကယ်လို့ သူတို့ ပင်ပန်းပြီးတော့ သူတို့တွေများ တစုံတရာ အန္တရာယ် ဖြစ်လာခဲ့မယ်ဆိုရင် ကျနော်တို့ အခြေအနေ ကောင်းနိုင်ဖွယ်ရာ အကြောင်းမရှိပါဘူး။ သူတို့ အားရှိနေဖို့ လိုပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ၊ Volunteer တွေ၊ ပရဟိတသမားတွေ ကိုဗစ်နဲ့ ပတ်သက်ပြီး လှုပ်ရှားနေတဲ့သူတွေ အားလုံး အားရှိဖို့ အင်အားတောင့်ဖို့ လိုပါတယ်။ စည်းကမ်းတကျ နေထိုင်ခြင်းဖြင့် သူတို့ကို ကူညီရာရောက်ပါတယ်”
အဆိုတော် အေးမြဖြူ
“COVID-19 ကို တိုက်ထုတ်နေရတဲ့ ဆရာဝန်တွေလည်း အများကြီး ရှိတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ၊ Volunteerတွေ ဒီရောဂါကြီးကို ကျော်လွှားဖို့အတွက် အကောင်းဆုံး လုပ်ပေးနေတယ်။ သမီးတို့ ပြည်သူတွေဘက်ကလည်း လိုက်နာစေချင်တယ်။ ကိုဗစ် မဖြစ်အောင် ကာကွယ်ခြင်းက ဆရာဝန်တွေရော၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ Volunteer တွေကို ကူညီရာရောက်တယ်”
“ဒီရောဂါက တချိန်ချိန်တော့ ပြီးသွားမှာပါ။ စိုးရိမ်ရတဲ့အချိန်လည်း ဖြစ်တော့ အားလုံး ဂရုတစိုက် နေထိုင်ကြပါ။ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေ၊ Volunteer တွေ၊ ပရဟိတသမားတွေ ဂုဏ်ယူပါတယ်။ လေးစားပါတယ်”
သရုပ်ဆောင် ကျော်ကျော်ဗိုလ်
“ကျနော်တို့ အားလုံးရဲ့ အားကိုးတကြီးနဲ့ မှီခိုရတာ ဒီချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ Volunteer တွေပါပဲ။ တခုခု ဖြစ်လာရင် သူတို့က ကျနော်တို့ အားလုံးရဲ့ အားကိုးရာ ဖြစ်နေတာပေါ့နော်။ ကျနော်တို့ ပြည်သူတွေရဲ့ ရောဂါကူးစက်မှုတွေကို တကယ့်ကို ရှေ့တန်းကနေ တိုက်ထုတ်ပေးနေတာပေါ့”
“ရောဂါဖြစ်လာရင် ဘယ်သူမဆို သွေးနဲ့ ကိုယ်သားနဲ့ကိုယ်ပဲ။ ဆရာဝန် မကူးဘူးဆိုတာမှ မရှိတာ။ Volunteer မို့ မကူးဘူးဆိုတာမှ မရှိတာ။ အန္တရာယ်ကြားထဲကနေ သူတပါး ကျန်းမာရေးကို စောင့်ရှောက်ပေးနေတဲ့အတွက် တကယ်ကို မွန်မြတ်ပါတယ်။ ကုသိုလ်တွေလည်း အများကြီးရမှာပါ။ သူတို့တွေကိုလည်း ဂုဏ်ယူနေပါတယ်”
You may also like these stories:
ကိုဗစ်ကာလမှာ နယ်ကိုပြန်ပြီး မိသားစုနဲ့ Stay home နေဖြစ်တဲ့ ဗညားဟန်
ဖောင်ကြီးမှာ Volunteer လုပ်ကိုင်နေတဲ့ သရုပ်ဆောင် မောင်နဲ့ မေးမြန်းခြင်း
စနစ်တကျ မဲပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေခဲ့တဲ့ သရုပ်ဆောင် ဒေါင်း