မကြာခင် ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးဟာ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ပြီး ရွေးကောက်ပွဲမှာ ကိုဗစ်ကာလကြောင့် မဲမပေးတာမျိုး မဖြစ်စေချင်ဘူးလို့ လူရွှင်တော် မျောက်ရှုံးက ဧရာဝတီကို ပြောပါတယ်။
“ပရိသတ်တွေကိုလည်း ပြောချင်တယ်။ မဲပေးကြပါ။ ကိုဗစ်ကာလကြောင့်ဆိုပြီး မဲမပေးတာမျိုး မဖြစ်စေချင်ဘူး။ မဲပေးစေချင်တယ်။ ကျနော့် ဘဝမှာ မဲ တခါပေးဖူးတယ်။ ကျနော် ပျော်လိုက်တာ။ တော်တော်ပျော်တာ။ ကျနော့် ဘဝမှာ အဲ့လိုမျိုး မခံစားဖူးဘူး။ ကျနော့်ကိုယ် ကျနော် ဘဝင်မြင့်သွားတာ။ မဲရုံထဲ ကိုယ့်မဲတပြားက သိပ်တန်ဖိုးရှိတာ။ အဲ့ချိန်မှာ ဘာမှန်းမသိတဲ့ ဘဝင်တွေ မြင့်နေတာ”
“ကိုယ့်မဲတပြားက ကိုယ်တိုင်ပဲ သမ္မတဖြစ်တော့မှာလိုလို တကယ်အရသာ ရှိတယ်။ မဲရုံထဲဝင်တာက အစ တက်တက်ကြွကြွနဲ့ အရမ်းပျော်တာ။ အခုလည်း မကြာခင် မဲပေးရတော့မယ်။ ပျော်နေပြီ။ ကျနော့် မဲတပြားကို သိပ်တန်ဖိုးထားတယ်။ ကိုယ့်မဲတပြားက မြန်မာပြည်သူတွေ ကိုယ်စား ငါ့မဲတပြားက သိပ်တန်ဖိုးရှိတယ်”လို့ လူရွှင်တော် မျောက်ရှုံးက ပြောပါတယ်။
ဆက်လက်ပြီး “ကိုယ်မဲ မပေးလိုက်ရရင် ကိုယ့်မဲက ပြည်သူပြည်သားတွေအတွက် ဆုံးရှုံးရမယ်တောင် ထင်တာ။ မဲရုံကို ၃ ခေါက်ရှိပြီ သွားကြည့်တာ။ ဗဟနနဲ့ ဘတနနဲ့ မှားလို့ ပြင်ပေးပါ သွားပြောလိုက်တော့ ပြင်ပေးတယ်။ ကျနော်က မှန်သွားတယ်”လို့ မျောက်ရှုံးက ဆိုပါတယ်။
မဲတပြားက ပြည်သူတွေကို ကိုယ်စားပြုတာကြောင့် ဘယ်ပါတီပဲ မဲပေးပေး၊ မဲပေးစေချင်တယ်လို့ ဆိုပါတယ်။
“မဲတပြားက ပြည်သူပြည်သားတွေကို ကိုယ်စားပြုတာ။ ကိုယ်ကြိုက်တဲ့ ပါတီကို သေချာ မဲထည့်လိုက်ကြစမ်းပါဗျာ။ ကိုယ့်မဲက ပြည်သူတွေနဲ့ သက်ဆိုင်တယ်။ မပေးလိုက်ရရင် ကျနော် အရမ်းနှမြောတာ။ ဒီချိန်က အရမ်းအရေးကြီးတယ်။ ကိုယ့်ခံယူချက်၊ ဦးတည်ချက်ကို မဲ သေချာပေးကြပါ။ ကျနော့်အိမ်မှာကို ပါတီကွဲနေတယ်။ ကျနော့် ယောက်ဖနဲ့ ကျနော်နဲ့ ပါတီကွဲတယ်။ ဒါပေမဲ့ ပေါင်းလို့ရတယ်”
“ကျနော်က NLD၊ သူက တခြားပါတီ။ လက်တွဲလို့ ရတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ အဲ့ပေါ်မှာ မခံစားနဲ့။ မင်းကြိုက်တဲ့ ပါတီကိုပေး၊ မဲတော့ ပေးရမယ်။ ကျနော် တိုက်တွန်းတယ်။ ဘယ်ပါတီပဲ မဲပေးပေး၊ မဲတော့ ပေးစေချင်တယ်။ မဲမပေးလည်း ဘာမှမဖြစ်ဘူးဆိုပြီး မဲ မပေးမှာပဲ စိုးရိမ်တယ်။ မဲပေးကြပါ။ ၂၀၂၀မှာ မဲပေးဖြစ်အောင် ပေးကြပါ”လို့ မျောက်ရှုံးက ပြောပါတယ်။
မျောက်ရှုံးကိုတော့ “5 Stars” လူရွှင်တော် အဖွဲ့ဝင်တယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့တာ ဖြစ်ပါတယ်။ မျောက်ရှုံးဟာ လူရွှင်တော်အဖြစ်သာမက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေမှာလည်း ဇာတ်ပို့တဦးအနေနဲ့ ပါဝင်သရုပ်ဆောင်နေသူ ဖြစ်ပါတယ်။
You may also like these stories:
စနစ်တကျ မဲပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေခဲ့တဲ့ သရုပ်ဆောင် ဒေါင်း
“နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဂီတဖန်တီးမှုပြိုင်ပွဲမှာ အနိုင်ရသူများ ထွက်ပေါ်
NLD Campaign အတွက် ဖန်တီးထားတဲ့ ကျားပေါက်ရဲ့ “ကြောက်ခေတ်”