ကမ္ဘာတဝန်းလုံးမှာ နာမည် ကျော်ကြားခဲ့တဲ့ “Jewel in the Palace” (နန်းတွင်းရတနာ) စီးရီးကို AI နည်းပညာကို အခြေခံ အသုံးပြုထားတဲ့ အရည်အသွေးမြင့် HD စနစ်နဲ့ ပြန်လည် ကြည့်ရှုနိုင်တော့မှာဖြစ်တယ်လို့ MBC ရုပ်သံလိုင်းက နိုဝင်ဘာလ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
SK Telecom နဲ့အတူ ပူးပေါင်းပြီး 340,000 pixels အရည်အသွေးသာ ရှိတဲ့ သာမန် ဗီဒီယိုတွေကို pixel အရေအတွက် ၂ သန်းရှိတဲ့ HD အရည်အသွေးအဖြစ် ပြောင်းလဲရာမှာ အောင်မြင်ခဲ့တယ်လို့လည်း သိရပါတယ်။
တောင်ကိုရီးယား Content အဟောင်းတွေကို နိုင်ငံတကာဆီ တင်ပို့ရာမှာ အရည်အသွေးနိမ့်ခြင်းဟာ ပြဿနာတရပ် ဖြစ်ခဲ့ပါတယ်။ “Jewel in the Palace” ၊ “High Kick!” နဲ့ “Infinite Challenge” ရဲ့ ကနဦး အပိုင်းတွေလိုမျိုး ၂၀၁၁ ခုနှစ်မှာ HD မရခင် ဖန်တီးခဲ့တဲ့ ဗီဒီယိုတွေကို HD အဖြစ် အသွင်ပြောင်းမယ်လို့ MBC က ကြေညာခဲ့ပြီးဖြစ်ပါတယ်။
MBC ရဲ့ မီဒီယာစီးပွားရေးဆိုင်ရာ ဒါရိုက်တာ Kwon Suk က “YouTube နဲ့ OTT ဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာမှုနဲ့အတူ Jewel in the Palace, Hur Jun နဲ့ Infinite Challenge တို့လိုမျိုး ဂန္တဝင်ဖြစ်တဲ့ Content တွေကို အသုံးပြုမှု မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ အရည်အသွေး နိမ့်တာကြောင့် ကြည့်ရှုသူတွေရဲ့ အတွေ့အကြုံပိုင်းမှာ ခက်ခဲမှုတွေ ရှိခဲ့ပါတယ်။ MBC ရဲ့ ဂန္တဝင် content တွေကို ချစ်ကြတဲ့ သူတွေအတွက် HD အရည်အသွေးကို မြန်မြန်လေး ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
MBC ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ပြသခဲ့တဲ့ “Country Diaries” နဲ့ “Chief Inspector” တို့လိုမျိုး ဒရာမာတွေကို HD ပြောင်းလဲတဲ့ နည်းပညာကို အသုံးပြုပြီး HD အရည်အသွေးနဲ့ ရရှိနိုင်အောင် တိုးမြှင့်ပေးဖို့ စီစဉ်ထားပါတယ်။ ကိုရီးယားအနုပညာရေလှိုင်းကို ကမ္ဘာတဝန်းဆီ ပျံ့နှံ့စေခဲ့တယ်လို့ ဆိုကြတဲ့ နန်းတွင်းရတနာ စီးရီးကို ၂၀၀၃ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ ၁၅ သန်းသာ ရှိခဲ့ပေမယ့် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၉၁ နိုင်ငံဆီကို ရောင်းချခဲ့ရပြီး ဝင်ငွေ ဒေါ်လာ ၁၀၅ သန်းကျော် ပြန်လည် ရရှိခဲ့ပါတယ်။
မိဘမဲ့ နန်းတွင်းစားတော်ကဲတဦးကနေ တော်ဝင် နန်းတွင်းသမားတော်တဦး ဖြစ်လာခဲ့သူ “ချန်ဂင်” အဖြစ် မင်းသမီး လီယောင်အေးသရုပ်ဆောင်ခဲ့တဲ့ အဲ့ဒီစီးရီးဟာ ကိုရီးယားရိုးရာအစားအသောက် ချက်ပြုတ်နည်းနဲ့ ရိုးရာ တိုင်းရင်းဆေးပညာတွေကို အသားပေး ဖော်ပြထားပါတယ်။ အခု “Jewel in the Palace” ရဲ့ HD ဗားရှင်းကို MBC Drama နဲ့ On Channel တို့ကနေ လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ စတင်ပြသတော့မှာ ဖြစ်ပါတယ်။
Ref: koreaherald
You may also like these stories:
ကိုဗစ်ကာလကြောင့် မဲမပေးတာမျိုး မဖြစ်စေချင်တဲ့ လူရွှင်တော် မျောက်ရှုံး
ကျန်းမာရေးဝန်ထမ်းတွေအတွက် အားပေးစကား ပြောကြတဲ့ အနုပညာရှင်များ
ကိုဗစ်ကာလမှာ နယ်ကိုပြန်ပြီး မိသားစုနဲ့ Stay home နေဖြစ်တဲ့ ဗညားဟန်