၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ မဲဆွယ်စည်းရုံးမှုတွေ၊ နိုင်ငံသားတယောက်အနေနဲ့ မဲပေးကြရန် နယ်ပယ်အသီးသီးက လှုံ့ဆော်နေကြသလို တဖက်မှာလည်း No Vote (မဲမပေးရေး) ဆိုတဲ့ လှုပ်ရှားမှုတွေ ရှိနေတာကို တွေ့ရပါတယ်။ ဒီလို “No Vote” ဆိုတဲ့ လုပ်ရပ်ဟာ ကလေးဆန်တဲ့လုပ်ရပ်လို့ မြင်မိကြောင်း သရုပ်ဆောင် အောင်မြင့်မြတ်က ပြောပါတယ်။
“အခုအချိန်အထိ No Vote ဆိုတာတွေကို မြင်နေမိတုန်းပဲဗျ။ No Vote ဆိုတဲ့ ကိစ္စကတော့ တော်တော်ကို ကလေးဆန်တဲ့ လုပ်ရပ်လို့ပဲ မြင်မိတယ်။ ကိုယ့်လွတ်လပ်မှု့နဲ့ကိုယ် မပေးချင်လို့ မပေးတာလို့ ပြောကြမှာပါ။ မပေးပိုင်ခွင့်လည်း ရှိပါတယ်။ ကိုယ့်လွတ်လပ်ခွင့်ကိုး” လို့ အောင်မြင့်မြတ်က ပြောပါတယ်။
လူတဦး တယောက်ချင်းအနေနဲ့ မဲမပေးရုံနဲ့ ပြီးသွားမယ့်ကိစ္စ မဟုတ်တဲ့အတွက် မဲပေးသင့်တဲ့အကြောင်းကိုလည်း အခုလို ရှင်းပြခဲ့ပါတယ်။
“ပြဿနာက မပေးရုံနဲ့ ပြီးသွားမယ့်ကိစ္စ မဟုတ်တာပါ။ ငါမကြိုက်လို့ ဘယ်သူ့မှ မပေးဘူးကွာဆိုရုံနဲ့ ရွေးကောက်ပွဲ ပြီးတဲ့အခါ ဘယ်သူမှ ခုံပေါ်တက်မထိုင်တော့မှာမှ မဟုတ်ဘဲ။ ဘယ်သူတွေဆင်းဆင်း မဆင်းဆင်း ထိုင်ခုံအပိုင်ရပြီးသား၊ ခင်ဗျားတို့ ကျနော်တို့ (ပြည်သူ)က ခေါ်တင်ထားတာ မဟုတ်တဲ့ ၂၅ ရာခိုင်နှုန်းသောသူတွေ လွှတ်တော်ထဲမှာ ရှိပါတယ်။ ကိုယ်တိုင်ကြိုက်ရာ ပါတီကို ရွေးပြီး မဲပေးကြတာတောင် ၂၅ ရာခိုင်နှုန်းက ငုတ်တုတ်ထိုင်နေကြတာ။ ဘယ်သူ့ကိုမှ မဲပေးမရွေးဘူးဆို ၂၅ ရာခိုင်နှုန်းကနေ ၅၀၊ ၁၀၀ ဆိုတဲ့ ရာခိုင်နှုန်းတွေ ဖြစ်သွားမှာပါ။ ရှင်းပါတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး “ကျနော်ကတော့ NLD ကိုပဲ မဲထည့်မှာပါ။ ဘာလို့လဲဆိုရင် ၁၀၀ ရာခိုင်နှုန်းသော ပြည်သူက ရွေးကောက် တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေချည်းပဲ ရှိတဲ့ ပြည်သူ့လွှတ်တော် စစ်စစ်ကို မြင်ချင်လို့ပါ” လို့ ပြောပါတယ်။
အောင်မြင့်မြတ်အနေနဲ့ NLD ကို မဲပေးဖို့ရွေးချယ်ရတဲ့ အကြောင်းအရင်းဟာလည်း ပြည်သူ့လွှတ်တော်စစ်စစ်အနေနဲ့ မြင်ချင်တာကြောင့် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အဲ့လို လွှတ်တော်ဖြစ်ဖို့ တိုက်ပွဲဝင်နိုင်တာ တိုက်ပွဲဝင်နေတာလည်း လောလောဆယ်အထိ NLD တခုပဲရှိလို့ပါ။ အကယ်၍များ အဲ့လို တိုက်ပွဲဝင်နိုင်တဲ့ တင်းပြည့်ကျပ်ပြည့် ပါတီတခု ထပ်ပေါ်လာပြီဆို ဒါမှမဟုတ် NLD ထက်ပိုပြီး အာမခံချက်ရှိတဲ့ပါတီ ပေါ်လာပြီဆို ကျနော် ကိုယ်တိုင်လည်း ရွေးချယ်မှု ပြန်လုပ်မှာပါ။ ဒါပေမဲ့ အခုအချိန်အထိ အဲ့လို နိုင်ငံရေးပါတီ မရှိသေးပါဘူး။ ဒါကြောင့် ကျနော် NLD ကိုပဲရွေးချယ်ရတာပါ” လို့ ပြောပါတယ်။
ဒါကြောင့် “No Vote” ဆိုပြီး မျက်နှာလွှဲခဲပစ်လုပ်ပါက နောက်လာမယ့် သားသမီးအစဉ်အဆက်ကို ဒီအကျိုးဟာ သက်ရောက်မှုရှိသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒါကြောင့် ထပ်ပြောပါရစေ။ No Vote ကွာဆိုပြီး မျက်နှာလွှဲခဲပစ်လုပ်လိုက် လို့ကတော့ အဲ့ဒီပစ်လိုက်တဲ့ခဲဟာ ခင်ဗျားတို့ နဖူးကို ပြန်မှန်ရုံတင် မကပါဘူး။ ခင်ဗျားတို့ ကျနော်တို့ သားသမီးတွေအစဉ်အဆက်ရဲ့ နှဖူးတွေတည့်တည့်ကိုပါ ထပ်ခါထပ်ခါ မှန်နေဦးမှာပါပဲ” လို့ အောင်မြင့်မြတ်က ပြောပါတယ်။
၂၀၂၀ အထွေအထွေ ရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ် ကျင်းပမှာဖြစ်ပြီး အနုပညာရှင်များကလည်း တတပ်တအားနဲ့ ပါဝင်ကာ မဲဆန္ဒပေးရန် တိုက်တွန်းလျက် ရှိပါတယ်။
You may also like these stories:
စနစ်တကျ မဲပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေခဲ့တဲ့ သရုပ်ဆောင် ဒေါင်း
“နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဂီတဖန်တီးမှုပြိုင်ပွဲမှာ အနိုင်ရသူများ ထွက်ပေါ်
NLD Campaign အတွက် ဖန်တီးထားတဲ့ ကျားပေါက်ရဲ့ “ကြောက်ခေတ်”