မကြာခင် ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးဟာ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ပြီး ၅ နှစ်မှ တကြိမ်ရတဲ့ အခွင့်အရေးမို့ မဲပေးကြပါလို့ ကျော်ကျော်ဗိုက တိုက်တွန်းထားပါတယ်။
“နိုင်ငံသားတယောက်အနေနဲ့ မဲပေးလိုက်ခြင်းက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်စရာကောင်းတဲ့ အလုပ်တခုကို လုပ်လိုက်တယ်လို့ ခံယူစေချင်တယ်။ ကျနော်တို့ နိုင်ငံအတွက်လေ။ ကျနော်တို့ရဲ့ ၅ နှစ်မှ တခါ ရတဲ့ အမြင့်ဆုံး အခွင့်အရေးက ကိုယ့်ကို ခေါင်းဆောင်မယ့်၊ ကိုယ်ကြိုက်တဲ့ ခေါင်းဆောင်ကို ကိုယ်တိုင်ရွေးချယ်ရမှာ။ နိုင်ငံသားတယောက်ရဲ့ အမြင့်ဆုံး အခွင့်အရေးပဲ”
“အဲ့အခွင့်အရေးကို မဲ မပေးဘဲ ဘာလို့နေမှာလဲ။ ကျနော်တို့ မဲပေးတာကို လုပ်ကို လုပ်ရလိမ့်မယ်။ မဲပေးခဲ့ပြီဆိုတာ ဒီနိုင်ငံအတွက် ငါတို့ လျှောက်မယ့် လမ်းမှာ ဘယ်သူ့ကို ခေါင်းဆောင်ပါဆိုပြီး ရွေးချယ်ခဲ့ပြီဆိုတဲ့ ဂုဏ်ကို ပီတိဖြစ်နေဖို့ မဲပေးဖို့ကို တိုက်တွန်းချင်ပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
ဒီနှစ်မှာ ပထမဆုံး မဲပေးကြမယ့် လူငယ်တွေကိုလည်း မဲပေးမယ့် အခွင့်အရေးကို လက်မလွှတ်ကြဖို့ အခုလို ဆိုပါတယ်။
“အခုမှ ၁၈ နှစ်ပြည့်လို့ မဲပေးမယ့်သူတွေကလည်း ပထမဆုံး အတွေ့အကြုံ ဖြစ်မယ်။ ပထမဆုံး အတွေ့အကြုံကိုတော့ နိုင်ငံသားတယောက်အနေနဲ့ ယူသင့်တယ်။ နိုင်ငံသားတယောက်ရဲ့ အမြင့်ဆုံး အခွင့်အရေးကို လုံးဝ လက်လွှတ်မခံပါနဲ့။ ၅ နှစ်လုံးလုံး ကြည်နူးစွာ ပီတိဖြစ်လို့ရတဲ့ အတွေ့အကြုံလေးပါ။ အဲ့ဒါကြောင့် လက်မလွှတ်စေချင်ပါဘူး”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
ကျော်ကျော်ဗိုကတော့ သူ့ရင်ထဲမှာ အခိုင်အမာ ယုံကြည်ထားကို မဲပေးမှာဖြစ်ပြီး ဘယ်သူဆိုတာကိုတော့ ထုတ်ပြောမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ကတော့ ကျနော်တို့ ရင်ထဲက အခိုင်အမာ ယုံကြည်ထားတဲ့ ဘယ်သူ့ကို ပေးမယ်ဆိုတာကတော့ ရှိပြီးသားပေါ့။ ဒါပေမဲ့ ကျနော်တို့ က ပြည်သူထဲကပြည်သူ ဖြစ်တာကြောင့် ကျနော်တို့ရဲ့ လှုပ်ခတ်မှုတခုကြောင့် ကျနော်တို့ ပရိသတ်တွေ၊ မိတ်ဆွေတွေ အာရုံတွေ ထွေပြားသွားတာမျိုး မဖြစ်စေချင်ဘူး။ လူတိုင်းလူတိုင်း ကိုယ့်ဆန္ဒ၊ ကိုယ့်ယုံကြည်ချက် ကိုယ်စီ ရှိကြတယ်”
“အဲ့အတွက် ကိုယ့်ယုံကြည်ချက်တိုင်း လုပ်ဆောင်ဖို့ လူတိုင်းမှာ အခွင့်အရေး ရှိတယ်။ ကိုယ်ကြိုက်တဲ့ သူကို ပေးခွင့် လူတိုင်းမှာ ရှိပါတယ်။ ကျနော် ကြိုက်တာလည်း ကျနော်ပေးဖို့ ဘယ်တော့မှ မပြောင်းလဲတဲ့ ဆုံးဖြတ်ချက် ကျနော့်မှာ ခိုင်မြဲစွာ ရှိပြီးသားပါ။ ဘယ်သူ့ကို ရွေးချယ်မယ်ဆိုတာတော့ ကိုယ်ရင်ထဲမှာပဲ ရှိပါတယ်။ သူများကို ထုတ်ပြောဖို့တော့ အစီအစဉ် မရှိပါဘူး”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
ကိုဗစ်ကာလအတွင်းမှာ မဲဆွယ် စည်းရုံးမှုများ ရှိနေတဲ့အပေါ်လည်း ကျော်ကျော်ဗိုက သူ့အမြင်ကို အခုလိုပဲ ဆိုပါတယ်။
“အခုလိုချိန်မှာ မဲဆွယ် စည်းရုံးနေတာတွေ တွေ့တယ်။ ကိုဗစ်သာ မရှိဘူးဆိုရင် ပုံမှန် လုပ်နေကြမှာပေါ့။ ရွေးကောက်ပွဲရှိရင် မဲဆွယ် စည်းရုံးတာတွေ ရှိမှာပေါ့။ ပြိုင်ဆိုင်မှုလေးတွေနဲ့ အသည်းကြားက မဲတပြားအတွက် မဲဆွယ်ပြီးလုပ်နေရတဲ့ အချိန်ကို ကိုဗစ် ဖြစ်လာတယ်ဆိုတော့လည်း ဆန့်ကျင်ဘက်တော့ ဖြစ်သွားတာပေါ့။ ကိုဗစ်က လူစုလူဝေးနဲ့ လုပ်လို့မရဘူးပေါ့။ မဲဆွယ်တာ စည်းရုံးတာ ကျတော့လည်း လူစုလူဝေးနဲ့ လုပ်ရတော့ ဆန့်ကျင်ဘက်တော့ ဖြစ်နေတာပေါ့”လို့ ပြောပါတယ်။
ဆက်လက်ပြီး ကျော်ကျော်ဗိုက ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ဖို့ အလေ့အကျင့်တွေကို ပြောင်းလဲရမှာ ဖြစ်သလို စည်းမျဉ်းစည်းကမ်း၊ ကာကွယ်မှုတွေနဲ့ နေသင့်တယ်လို့ ဆိုပါတယ်။
“အပြင်ထွက်ရင် အခြေခံ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ကာကွယ်မှုတွေ ရှိရင် အလေ့အကျင့်ဖြစ်ပြီး နေနိုင်သွားပါလိမ့်မယ်။ အဲ့လို အလေ့အကျင့်နဲ့ မဲဆွယ်နိုင်ရင်တော့ ကောင်းတာပေါ့။ အရာအားလုံးက ကိုဗစ်ကို ထိုင်ကြောက်နေလို့ မရဘူး”
“ကိုယ်သွားစရာ ရှိတာတွေကတော့ သွားနေရဦးမှာပဲ။ ကိုဗစ်နဲ့ ယှဉ်တွဲနေနိုင်ဖို့ အလေ့အကျင့်တွေကိုပြောင်းပေးရမှာပေါ့။ ကိုယ့်ဆီ မကူးစက်အောင် ကာကွယ်မှုနဲ့ နေထိုင်တဲ့ အကျင့်လေးတွေ ပြည်သူတွေနေပေးရင်တော့ အကောင်းဆုံးပါပဲ”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
You may also like these stories:
အွန်လိုင်းကနေ ပရိသတ်တွေကို ဝိုင်ရောင်းမယ့် ကျော်ကျော်ဗို
ကိုဗစ်ကာလမှာ ပရိသတ်တွေရဲ့ ခံစားချက်ကို နားထောင်ပေးမယ့် ကျော်ကျော်ဗို