ကိုဗစ်ကာလ အလှူဒါနအဖြစ် ပန်းချီကို ချစ်မြတ်နိုးကြတဲ့ အနုပညာရှင် ၁၆ ဦးရဲ့ ပန်းချီကားများကို လေလံတင် ရောင်းချနေတဲ့ထဲမှာ အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ သမီးဖြစ်သူ ပြေသုဒြာတို့ရဲ့ ပန်းချီကား ၂ ကားလည်း ပါရှိပါတယ်။
သူတို့ သားအမိ နှစ်ဦးရဲ့ ပန်းချီကားများကို လေလံတင် ရောင်းချရာမှာ အဆိုတော် အားတီနဲ့ တခြားသူတဦးတို့က ဝယ်ယူသွားပြီလို့ သိရပါတယ်။
“ဒီပန်းချီလေးတွေကို လေလံအပြိုင်ဝင်ဆွဲပြီး အလှူမှာပါဝင်ပေးခဲ့သူတွေရော လေလံအောင်ခဲ့တဲ့ The Care Fly film Production (မျှော်လင့်ခြင်းပြတင်းပေါက် ပန်းချီကားလေး)၊ မကြာကြာ (အပြင်မထွက်ဘူး တံခါးပိတ်ထားမယ် ပန်းချီကားလေး) နဲ့ ချစ်သော Ar-Tက သုသုလေးရဲ့ Running Free ပန်းချီလေးတွေကို ဝယ်ယူပြီး လှူဒါန်းခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ အူဝဲအတွက်တော့ ဒီ Stay home သီတင်းကျွတ်လေးက မမေ့နိုင်တဲ့ ပျော်စရာ အမှတ်တရလေးတခု ဖြစ်ခဲ့ပါပြီ” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
အိန္ဒြာကျော်ဇင်ရဲ့ “မျှော်လင့်ခြင်းပြတင်းပေါက်” ပန်းချီကားကို ငွေကျပ် သိန်း ၃၀ ၊ ပြေသုဒြာရဲ့ “Running Free” ပန်းချီကားကိုတော့ ငွေကျပ် ၇ သိန်းနဲ့ လေလံ အောင်သွားခဲ့တာ ဖြစ်ပါတယ်။
“အူဝဲနဲ့ သမီးလေး ပြေသုဒြာတို့ရဲ့ ပန်းချီလေးတွေကို အခုလို တန်ဖိုးထားပြီး ဝယ်ယူ လှူဒါန်းပေးကြတာကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီပန်းချီကားလေးတွေက အနုပညာအရ ကြည့်ရင် ဝါသနာအရဆွဲထားတဲ့ ဝါသနာရှင်အဆင့် အရည်အသွေးလောက်ပဲရှိတဲ့ ပန်းချီလေးတွေကို ဒီလောက် ငွေကြေးတွေအထိ တန်ဖိုးထားပြီး အူဝဲနဲ့ ပြေသုဒြာလေးကို ချစ်ပေးပြီး အလှူလေးကို အားတက်သရော ပါဝင်ပေးကြလို့လည်း ပိုပြီး ဝမ်းသာကြည်နူးပြီး ကျေးဇူးတင်ရပါတယ်” လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။
ဒီပန်းချီကား လေလံတင် ရောင်းချငွေများကိုတော့ ကိုဗစ်ကာလ လိုအပ်တဲ့နေရာများကို လှူဒါန်းဖို့အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပန်းချီကားလေလံတင်ရောင်းချရငွေများမှာ လက်ရှိအချိန်အထိ ဦးဝင်းဖေ – ၂၀ သိန်း ၅ သောင်း ၊ ဟန်ထူးလွင် – ၇ သိန်း ၊ အိန္ဒြာကျော်ဇင် – သိန်း ၃၀ ၊ ပြေသုဒြာ – ၇ သိန်း ၊ ပိုင်တံခွန် – ၁၁ သိန်း စုစုပေါင်း – ၇၅ သိန်း ၅ သောင်း ရရှိထားပါပြီးဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပန်းချီကားလေလံတင်အလှူမှာတော့ အနုပညာရှင် ၁၆ ဦးဖြစ်တဲ့ ပန်းချီဆရာကြီး ဒါရိုက်တာ ဦးဝင်းဖေ၊ ပန်းချီစိုးမိုး၊ ဒါရိုက်တာ ကိုပေါက်၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်၊ တေးရေး မြင့်မိုးအောင်၊ ဟန်ထူးလွင်၊ ဂျီလတ်၊ ဇော်ဝင်းထွဋ်၊ နေမျိုးဆေး၊ နေဒီလင်း၊ ဆန်းထွဋ်၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ဒါရိုက်တာ အောင်မင်းသိမ်း၊ အရိုး၊ ပြေသုဒြာတို့ရဲ့ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီလက်ရာများကို ရောင်းချပေးသွားမှာဖြစ်ပြီး ထပ်မံပြီးတော့လည်း အနုပညာရှင်များ တိုးလာတာကို တွေ့ရပါတယ်။
ဒီပန်းချီကားများကိုတော့ “3 Color ပန်းချီပြခန်း” Facebook Page မှာ ဝင်ရောက် ကြည့်ရှုနိုင်ပြီး ဒါရိုက်တာ ကိုပေါက်နဲ့ Myanmar Media 7 မှ ကိုဝေမင်းမောင်တို့က ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။
You may also like these stories:
ကိုဗစ် အလှူဒါနအတွက် အနုပညာရှင် ၁၆ ဦးရဲ့ ပန်းချီကားများ လေလံတင်မည်
COVID-19 ကာကွယ်ဖို့ ဆောင်ရန်၊ ရှောင်ရန်တွေ ဝေမျှပေးခဲ့တဲ့ ပြေတီဦးတို့ ဇနီးမောင်နှံ