တောင်ကိုရီးယား ဟာသသရုပ်ဆောင် Park Ji Sun ကို သူမရဲ့ မိခင်ဖြစ်သူနဲ့အတူ နိုဝင်ဘာ ၂ ရက်က နေအိမ်မှာပဲ သေဆုံးလျက်တွေ့ခဲ့ရပါတယ်။ ဆိုးလ်၊ Mapo ရဲစခန်းက Park Ji Sun တို့သားအမိကို နေ့လယ် ၁ နာရီ ၄၄ မိနစ်မှာ တွေ့ရှိခဲ့တယ်လို့ အတည်ပြုထားပါတယ်။
Park Ji Sun ရဲ့ ဖခင်ဖြစ်သူက ဇနီးနဲ့ သမီးဖြစ်သူတို့ အဆက်အသွယ် မရတာကြောင့် ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ကျ ရဲအရာရှိတွေ ရောက်သွားချိန်မှာတော့ Park Ji Sun နဲ့ မိခင်ဖြစ်သူတို့ သေဆုံးနေပြီလို့ အတည်ပြုပြောကြားထားပါတယ်။
မှုခင်းဖြစ်ရာ နေအိမ်အတွင်း စုံစမ်းချက်အရ ကျူးကျော် ဝင်ရောက်ထားတဲ့ အရိပ်ယောင် မတွေ့ရဘူးလို့ ဆိုပါတယ်။ သေဆုံးတဲ့အကြောင်းရင်းကိုတော့ စုံစမ်းဖော်ထုတ်သွားမယ်လို့ ကနဦး ပြောကြားချက်များအရ သိရပါတယ်။
အခင်းဖြစ်ပွားရာနေအိမ်မှာ Park Ji Sun ရဲ့ မိခင်ဖြစ်သူ ရေးသားထားတယ်လို့ ယူဆရတဲ့ စာကို တွေ့ရပေမယ့် ရဲဘက်ကတော့ ထုတ်ဖော်ပြောဆိုသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့မှာ Mapo ရဲစခန်းဘက်ကနေ “ကျနော်တို့ စုံစမ်းပြီးသလောက်တော့ နေအိမ်ထဲ ကျူးကျော်ဝင်ရောက်ထားတဲ့ အခြေအနေမျိုး မတွေ့ရဘူး။ သေတမ်းစာ သဘောမျိုး ရေးထားတာတော့ တွေ့ခဲ့ရတယ်။ မှုခင်းကျူးလွန်ထားတဲ့ သံသယဖြစ်စရာ မရှိပါဘူး” လို့ ပြောကြားလိုက်ပါတယ်။
သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ Park Ji Sun နဲ့ မိခင်ဖြစ်သူတို့ရဲ့ နာရေး အခမ်းအနားကို နိုဝင်ဘာ ၇ ရက်မှာ ပြုလုပ်သွားဖို့ ရှိပါတယ်။
Park Ji Sun ဟာ ဟာသသရုပ်ဆောင်ဖြစ်ပြီး၊ ၂၀၀၇ ခုနှစ်ကစလို့ KBS ရုပ်သံလိုင်းကနေ ပွဲထွက်ခဲ့ပြီး Happy Together, Star Golden Bell , You Hee Yeol’s Sketchbook နဲ့ KBS Gag Concert တို့လို နာမည်ကျော် အစီအစဉ်တွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ သေဆုံးချိန်မှာ သူမဟာ အသက် ၃၅ နှစ် ရှိပါပြီ။
သူမ ရုတ်တရက် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကျော် အနုပညာရှင်တွေကလည်း သူတို့ နဲ့ အမှတ်တရတွေ၊ ဝမ်းနည်းစကားတွေ ရေးသားခဲ့ကြပါတယ်။ Super Junior အဖွဲ့ရဲ့ Leeteuk, SHINee အဖွဲ့ က Key နဲ့ 2PM အဖွဲ့က Junho တို့က အတူတူ အမှတ်တရ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့အတူ ဝမ်းနည်းစကားတွေ ရေးသားခဲ့ကြပါတယ်။
HipHop အဆိုတော် Hyun Jin Young ကတော့ ယုန်လေးလို ကပြရင်း သူ့သီချင်းကို အမှားယွင်းမရှိ ဆိုပြတတ်တဲ့ Park Ji Sun ကို အမြဲအမှတ်ရနေမယ့်အကြောင်းနဲ့ ငြိမ်းချမ်းစွာ အနားယူပါလို့ သူ့ Instagram မှာ ရေးသားထားပါတယ်။ Park Ji Sun နဲ့ မိခင်ဖြစ်သူတို့ သေဆုံးမှုကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ် တော်တော်များများကို ရပ်နားပြီး ရွှေ့ဆိုင်းခဲ့ကြပါတယ်။
Ref: Soompi , CNA
You may also like these stories:
အစီအစဉ် နောက်ကွယ်မှာ ဖြစ်ပျက်ခဲ့သမျှအတွက် Ellen DeGeneres တောင်းပန်
ဆိုရှယ်မီဒီယာမှာ Follower အများဆုံး ကိုရီးယားမင်းသား လီမင်ဟို