“Gangnam Style” သီချင်းနဲ့ ကမ္ဘာတဝန်းလုံးမှာ နာမည်ကျော်ကြားခဲ့တဲ့ အဆိုတော် Psy နဲ့ J.Y. Park တို့ နှစ်ဦးဟာ K-pop အမျိုးသားအဆိုတော် အဖွဲ့ တဖွဲ့ကို ရွေးထုတ် စင်တင်ဖို့ ပြင်ဆင်နေကြပြီလို့ ဆိုပါတယ်။ Psy ရဲ့ P Nation နဲ့ Park ရဲ့ JYP အင်တာတိန်းမန့်တို့က အမျိုးသားအဖွဲ့သစ် တခုကို မိတ်ဆက်ဖို့ ပူးပေါင်းလိုက်ကြပြီဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ကမ္ဘာတဝန်းလုံးဆီ ဖြန့်ကြက်မယ့် အမျိုးသားအဖွဲ့သစ်ကို SBS ကနေ ထုတ်လွှင့်မယ့် လူရွေးပွဲအစီအစဉ် Loud ကနေ တဆင့် ဖော်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
SBS ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ လျှောက်လွှာရှင်တွေဟာ သူတို့ရဲ့ အရည်အချင်း မျိုးစုံကို ပြသထားတဲ့ ဗီဒီယိုတွေကို တင်သွင်းပြီး လျှောက်ထားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၀၀ ပြည့်နှစ်နဲ့ အဲ့ဒီနောက်ပိုင်းမှာ မွေးဖွားခဲ့သူတွေသာ ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
အဲ့ဒီအစီအစဉ် ထုတ်လွှင့်မယ့်ရက်ကို မသိရသေးပေမယ့် အနိုင်ရရှိသူတွေဟာ ၂၀၂၁ ခုနှစ်မှာ ပွဲဦးထွက်ခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။ အခုလို ကြေညာချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့တုန်းက JYP အင်တာတိန်းမန့်ရဲ့ YouTube စာမျက်နှာမှာ “Boys be Loud” လို့ နာမည်ပေးထားတဲ့ ဗီဒီယိုအတိုလေးကနေတဆင့် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
Park နဲ့ Psy တို့နှစ်ဦးလုံးဟာ အရင်တုန်းကတော့ တောင်ကိုရီးယားအရည်အချင်းစစ်ရှိုးတွေမှာ ဒိုင်လူကြီးတွေအဖြစ် ဆောင်ရွက်ခဲ့ကြဖူးပါတယ်။ Psy ဟာ ၂၀၁၂ ခုနှစတုန်းက “Superstar K4” အစီအစဉ်နဲ့ Park ကတော့ K-Pop Star အစီအစဉ် တော်တော်များများမှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။
ဒါဟာ ၂၀၁၉ ခုနှစ်မှာ P Nation အဖွဲ့ကို ထူထောင်ခဲ့ပြီးတဲ့နောက် Psy ကိုယ်တိုင် ပါဝင်မယ့် ပထမဆုံး အမျိုးသားအဆိုတော်အဖွဲ့ ပရောဂျက်လည်း ဖြစ်ပါတယ်။ P Nation မှာတော့ HyunA နဲ့ Jessi တို့လိုမျိုး အနုပညာရှင်တွေက လက်မှတ် ရေးထိုးထားကြပါတယ်။
2PM, Got7 , Day6 နဲ့ Stray Kids တို့လို နာမည်ကျော် K-pop အမျိုးသားအဆိုတော်အဖွဲ့တွေကို Park ရဲ့ လက်အောက်မှာရှိတဲ့ JYP အင်တာတိန်းမန့်ကနေ မွေးထုတ်ပေးခဲ့ပါတယ်။
Park နဲ့ JYP တို့ဟာလည်း အရင်တုန်းက တခြားတောင်ကိုရီးယား အနုပညာကုမ္ပဏီတွေနဲ့အတူ အဖွဲ့တွေကို ပူးတွဲ စီမံပေးခဲ့ကြပါတယ်။ 2AM အဖွဲ့ကို JYP နဲ့ Big Hit အင်တာတိန်းမန့်တို့က ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ပူးတွဲစီမံခဲ့ကြပါတယ်။ Big Hit အင်တာတိန်းမန့်ကတော့ BTS အဖွဲ့ရဲ့ အေဂျင်စီလည်း ဖြစ်ပါတယ်။
Ref:asiaone
You may also like these stories:
သီချင်းထဲမှာ အစ္စလာမ်ပုံရိပ် သုံးထားလို့ K-pop အဖွဲ့ NCT ဝေဖန်ခံနေရ
ထိုင်းဆန္ဒပြသူတွေအတွက် K-pop ပရိသတ်တွေ အကာအကွယ်ပစ္စည်းများ လှူဒါန်း
K-pop အနုပညာရှင်များ စစ်မှုထမ်းကာလ ရွှေ့ဆိုင်းခွင့်ကို နိုင်ငံသား ၆၀ ရာခိုင်နှုန်း ထောက်ခံ