၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံလာခဲ့တဲ့ အဆိုတော် သျှီဟာ နိုင်ငံရေးသမား မဟုတ်သလို၊ NLD ပါတီဝင်တဦးလည်း မဟုတ်တဲ့အကြောင်း၊ သူ့ရဲ့နိုင်ငံရေးအပေါ်ခံယူချက်များကို အခုလို ပြောပြခဲ့ပါတယ်။
“တကယ်တမ်းပြောရရင် သျှီက NLD ပါတီဝင်လည်း မဟုတ်ဘူး။ ဘယ်နေရာမှာမှလည်း ဝင်ပြိုင်မှာမဟုတ်သလို နိုင်ငံရေးသမားတယောက် မဟုတ်ဘူး။ ဒါပေမဲ့လည်း ကိုယ်ကမိဘတွေဆီက ကြားခဲ့ရတဲ့၊ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးကာလတွေ ဒီအကြောင်းတွေကို ကြားပြီးတော့ နားရည်ဝနေတာပေါ့။ တအိမ်လုံးကလည်း စိတ်ဝင်စားကြတယ်။ အထူးသဖြင့် နိုင်ငံ အခင်းအကျင်းပေါ်မှာ စိတ်ဝင်စားကြတယ်”
“အဲဒါကြောင့် သျှီတို့မိသားစုက နိုင်ငံရေးကို စိတ်ဝင်စားတဲ့ မိသားစု ဖြစ်နေတာပေါ့။ အဲ့အတွက် နိုင်ငံရေးထဲမှာ တထောင့်တနေရာ သဲတပွင့်အနေနဲ့ ပါဝင်ခဲ့တာ အခုထိပေါ့” လို့ သျှီက ပြောပါတယ်။
ရွေးကောက်ပွဲပြီးပါက နိုင်ငံရေးထဲမှာ ဆက်ရှိနေမှာ မဟုတ်ဘဲ မဖြစ်မနေ ရွေးကောက်ပွဲကာလကို ဖြတ်သန်းရတဲ့ အချိန်ကာလဖြစ်တာကြောင့် တတ်နိုင်တဲ့ ဘက်ကနေ စေတနာ့ဝန်ထမ်း လုပ်တဲ့သဘောပါလို့ ဆိုပါတယ်။
ကိုယ်တိုင်အနေနဲ့လည်း NLD ပါတီကိုသာ မဲပေးသွားမှာဖြစ်ပြီး ကိုယ်ပေးမယ့်ပါတီကို ရာနှုန်းပြည့်အနိုင်ရဖို့ လိုအပ်ကြောင်းလည်း ပြောခဲ့ပါတယ်။
“အားလုံးသိတဲ့ အတိုင်းပါပဲ။ လွှတ်တော်ထဲမှာလည်း အလွတ်ရှိတာဆိုလို့ ၇၅ ရာခိုင်နှုန်းပဲ ရှိတာလေ။ အစိုးရ ဖွဲ့နိုင်ဖို့ကလည်း တင်းပြည့်ကျပ်ပြည့် နိုင်ဖို့က အရေးကြီးဆုံးပဲ။ အဲ့တော့ နေရာတိုင်း မဲရုံတွေတိုင်းမှာ ကိုယ်ပေးတဲ့ပါတီ ရာနှုန်းပြည့် အနိုင်ရဖို့ လိုအပ်တယ်။ ပြောရရင်တော့လည်း ရွေးချယ်စရာက ကိုယ့်နိုင်ငံရဲ့အခြေအနေအရ စစ်စစ်မှန်မှန် လမ်းကြောင်းပေါ်မှာ မရှိနေသေးဘူး”
“လွှတ်တော်ထဲမှာ လွတ်တဲ့ အရေအတွက်က ၇၅ ရာခိုင်နှုန်းပဲ ရှိတယ်။ အဲ့အပေါ်မှာ ပြိုင်ရတာဖြစ်တဲ့အတွက် အဲ့ကနေ မှန်ကန်တဲ့လမ်းကြောင်းကို သွားမှာဖြစ်တဲ့အတွက် မှန်ကန်စွာနဲ့ တကယ် အင်တိုက်အားတိုက် လုပ်နေတဲ့ NLD ပါတီကိုပဲ ပေးဖို့ရှိတယ်”လို့ သျှီက ပြောပါတယ်။
ဆက်လက်ပြီး “သျှီတို့ တမိသားစုလုံးကတော့ NLD ပဲ မဲပေးပါတယ်။ တင်းပြည့်ကျပ်ပြည့် အနိုင်ရရှိတော့မှသာ လွန်ခဲ့တဲ့ ၅နှစ်က အကောင်အထည်ဖော်ခဲ့တဲ့ ကိစ္စတွေဟာ ဆက်ပြီးတော့ အကောင်အထည် ဖော်ခဲ့မှသာလျှင် ပိုပြီးတော့ လမ်းကြောင်းမှန်ကို ရောက်မယ်လို့ ယူဆတယ်။ နိုင်ငံ့ရဲ့အခြေအနေမှာလည်း ပြည်သူနဲ့တသားတည်း ဖြတ်သန်းနိုင်တာ ဒီပါတီပဲရှိတယ်ဆိုတော့ သျှီက ယူဆတယ်။ NLD နိုင်ဖို့လိုတယ်” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ပြီးပါကလည်း အနုပညာသမားတယောက်ဖြစ်တဲ့အတွက် အနုပညာအလုပ်များကို ဆက်လက် လုပ်ခွင့်ရရင် လုပ်သွားမှာဖြစ်သလို ဗုဒ္ဓဘာသာဝင်တဦး ဖြစ်တာကြောင့်လည်း ဘာသာရေးကို ပိုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
“ရွေးကောက်ပွဲပြီးလို့ စိတ်ချရတဲ့ အခြေအနေတခု ရောက်ပြီ၊ ကိုယ်တွေပြည်သူတွေကို ကိုယ်စားပြုတဲ့အစိုးရတရပ် သေသေချာချာ ခိုင်ခိုင်မာမာ ဖြစ်လာပြီဆိုတဲ့ အခါကျရင် ကိုယ်ကအနုပညာသမားတယောက်ဆိုတော့ အနုပညာအလုပ်တွေကို လုပ်ခွင့်ရသလောက် နောက်ထပ် လုပ်ခွင့်ရချင်လည်း ရမယ်။ လောကကြီးက ပြောလို့မရဘူး။ ဒီထက်မက လုပ်ခွင့်ရနိုင်သလို လုံးဝ လုပ်ခွင့်မရတာမျိုးလည်းဖြစ်သွားနိုင်တယ်။ လုပ်ခွင့်ရသလောက် သီချင်းတွေ ဆိုခွင့်ရသလောက် ဆိုမယ်ပေါ့”
“မိဘတွေကလည်း အသက်ကြီးပြီဆိုတော့ မိဘတွေကို အထူးဂရုစိုက်ပြီး နေမယ်ပေါ့။ နောက်တခုကတော့လည်း ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်တဲ့အတွက် ဗုဒ္ဓရဲ့လမ်းကြောင်းကို ကိုယ်တိုင်လည်းကျင့်သုံးပြီးတော့ လေ့လာမယ်။ လူတွေကိုလည်း အတတ်နိုင်ဆုံး မျှဝေချင်တယ်။ ဒါတွေကတော့ သျှီရဲ့နောက်ပိုင်းလုပ်ချင်တဲ့ ဆန္ဒလေးပါပဲ” လို့ သျှီက ဆိုပါတယ်။
အဆိုပါ အကြောင်းအရာများကိုတော့ သျှီက သူ့ရဲ့ Facebook Page မှာ Live လွှင့်ကာ ပြောခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်များ အွန်လိုင်းစကားဝိုင်းမှာလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။
You may also like these stories:
ICJ နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ၁၀၀ ရာခိုင်နှုန်း ယုံကြည်တဲ့ အဆိုတော် သျှီ
ဒီနိုင်ငံရဲ့ အရေးကိုတော့ စိတ်ဝင်စားတယ်