COVID-19 ရောဂါကြောင့် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီဆေးရုံမှာ တက်ရောက်နေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ၊ ပရဟိတ မင်းသားကြီး ကျော်သူကတော့ ယနေ့၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ ကြိုတင်ဆန္ဒမဲ ပေးခဲ့ပြီး အခုလို မဲပေးခွင့်ရတဲ့အတွက် ကိုဗစ်သမားတွေလည်း တိုင်းပြည်အတွက် တာဝန်ကျေခဲ့ပါပြီလို့ ဆိုပါတယ်။
“ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့၊ ညနေ ၃ နာရီ ၄၅ မိနစ် ခန့်က ဝေဘာဂီဆေးရုံအုပ်ကြီး ဒေါ်အေးအေးအောင်၏ စေတနာဖြင့် ကျနော် ကိုဗစ် ဝေဒနာရှင်များ ကြိုတင်ဆန္ဒမဲပေးခွင့် ရရှိခဲ့ပါပြီ”
“ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်အေးအေးအောင်၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဆရာဝန်၊ ဆရာဝန်မများ၊ ဆေးပညာရှင်များမှ တက်ကြွစွာဖြင့် မြို့နယ်၊ ရပ်ကွက်ရှိ မဲဆန္ဒကျင်းပရေး တာဝန်ရှိသူများ လာရောက်၍ စနစ်တကျ သေသေသပ်သပ် လာရောက် ဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်”လို့ ကျော်သူက ဆိုပါတယ်။
ကြိုတင် ဆန္ဒမဲပေးရမှာတော့ ကိုဗစ် ရောဂါပိုးကို ကာကွယ်မှုဖြစ်စေရန်နဲ့ လိမ်လည်မှု၊ မသမာမှု မရှိစေရန်အတွက် ကိုဗစ်လူနာများအား CCTV ကင်မရာများ ရှိသော ပိုးသတ်ဆေးဖြန်းထားသည့် မှန်လုံခန်းအတွင်းမှ မဲပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
“သို့သော် မိမိ တဦးတည်းသာ သိရှိသည့် ရင်တွင်းဖြစ် လျှို့ဝှက်မဲတော့ မဖြစ်ခဲ့ပါ။ မိမိ ထည့်လိုသည့် ပါတီအဖွဲ့အစည်းကို မှန်ခန်းထဲမှ လက်ညှိုးထိုးပြ၊ တဖက်မှလည်း မှန်ကန်မှုရှိရန် ပြန်ပြ၊ မိမိမှ လက်မ ထောင်ပြမှ ထိုပါတီ အမှတ်တံဆိပ်၏ ဘေးကွက်လပ်တွင် အမှန်ခြစ်ပြီး စာအိတ်ပိတ်ခဲ့ခြင်းဖြစ်၍ ဘေးလူများပါ မိမိ၏ဆန္ဒကို သိစေခဲ့မည် ဖြစ်သည်”
“မည်သို့ဖြစ်စေ ဤအချိန်ကာလတွင် မိမိသည် မသမာမှုပြုခြင်း မဟုတ်၊ လိမ်လည် လှည့်ဖြားခြင်း မရှိ၍ မိမိ ပါစင်နယ်ကိစ္စအား လျှို့ ဝှက်ထားစရာ မလိုပေ။ ထို့ကြောင့် လိပ်ပြာသန့်၍ သီလလုံခြုံစွာ သစ္စာရှိရှိ ရဲရဲတောက် မဲပေးခဲ့ပါပြီ။ ဆေးရုံရောက် ကိုဗစ်လူနာများလည်း တိုင်းပြည်နှင့် အနာဂတ်အတွက် တာဝန် ကျေခဲ့ပါပြီ”လို့ ကျော်သူက ဆိုပါတယ်။
နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ၊ သရုပ်ဆောင် ကျော်သူဟာ အောက်တိုဘာလအတွင်းက COVID-19 ရောဂါ ကူးစက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိ ဝေဘာဂီဆေးရုံကြီးမှာ တက်ရောက်ကာ ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။
You may also like these stories:
“ကျော်သူ မရှိရင် ကျော်သူထက် သာတဲ့တယောက် ရှိရမယ်”
“ဘယ်အစိုးရကို မဲပေးရမယ်ဆိုတာ ကျနော်တို့က အဖြေရှိပြီးသား”လို့ ကျော်သူ ပြော