မကြာသေးခင်တုန်းက တရုတ်ဖျော်ဖြေရေး အစီအစဉ်တခုမှာ ပါဝင်သူတွေဟာ Hanbok လို့ လူသိများတဲ့ ရိုးရာဝတ်စုံကို ဝတ်ဆင်ခဲ့ကြပါတယ်။ သူတို့တွေဟာ ကိုရီးယား ရိုးရာအကကို ဖျော်ဖြေခဲ့ပြီးတဲ့နောက် အဲ့ဒါဟာ တရုတ်ယဉ်ကျေးမှုဖြစ်တယ်လို့ မိတ်ဆက်ခဲ့ပါတယ်။
အခုလိုမျိုး ကိုရီးယားရိုးရာကို ဖယ်ရှားဖို့ တရုတ်လူမျိုးတွေရဲ့ ကြိုးပမ်းချက်ကို ကိုရီးယားက အင်တာနက်အသုံးပြုသူတွေကြား မနှစ်မြို့မှုတွေ ရှိလာပါတယ်။ မကြာသေးခင်တုန်းကလည်း ကိုရီးယားဟာ တရုတ်ယဉ်ကျေးမှုကို ကူးယူခဲ့တယ်ဆိုတဲ့ တရုတ်အင်တာနက် အသုံးပြုသူတွေရဲ့ ပြောဆိုချက်လည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
အခုတော့ Hanbok ဟာ တရုတ်ရိုးရာဝတ်စုံ ဖြစ်တယ်ဆိုပြီး တရုတ်အင်တာနက် သုံးသူတွေရဲ့ အခိုင်အမာ ပြောဆိုချက်ကြောင့် ကိုရီးယား အင်တာနက်သုံးသူတွေ ဒေါသထွက်ခဲ့ရပါတယ်။ ဆိုရှယ်မီဒီယာတွေမှာတော့ ကိုရီးယားလူမျိုးတွေအနေနဲ့ သမိုင်းကို မှန်မှန်ကန်ကန် သိကြဖို့ တရုတ်အင်တာနက်သုံးသူတွေက ပြောဆိုနေကြပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့မှာတော့ “Hanbok” ဆိုတဲ့ စိန်ခေါ်မှုဟာ ဆိုရှယ်မီဒီယာတခွင် ပျံ့နှံ့ခဲ့ပြီး Twitter မှာဆိုရင် တော်တော်လေး လူပြောများခဲ့ပါတယ်။ Hanbok စိန်ခေါ်မှုဆိုတာကတော့ ပုံကြမ်းရေးဆွဲသူတွေနဲ့ webtoon စာရေးသူတွေက ကိုရီးယား ရိုးရာ ဝတ်စုံဖြစ်တယ်ဆိုတာကို ဖော်ပြဖို့ Hanbok နဲ့ဆက်စပ်တဲ့ Hashtag တွေကို တင်ကြတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ မကြာသေးခင်နှစ်တွေတုန်းကတော့ ကိုရီးယားလူမျိုးတွေဟာ တရုတ်တွေရဲ့ ဝတ်စုံတွေကို ယူဆောင်သွားတာသာ ဖြစ်တယ်လို့် တရုတ်ဘက်က မှတ်ချက်ပြုထားပါတယ်။
တရုတ်အင်တာနက်သုံးသူတဦးက “Hanbok ဆိုတာ တရုတ် ထန်မင်းဆက်ခေတ် ဝတ်စုံတွေကို ပေါင်းစပ် ဖော်ထုတ်ထားတဲ့ ကော်ပီသာ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ နောက်တဦးကဆိုရင် “ခင်ဗျားတို့ရဲ့ တကယ့်သမိုင်းကို ရင်ဆိုင်လိုက်စမ်းပါ။ တရုတ်ယဉ်ကျေးမှုကို ခိုးယူရတာ အားမနာမိဘူးလား” လို့ ရေးသားခဲ့ပါတယ်။
Hanbok ရဲ့ မူရင်းဟာ တရုတ်ရိုးရာဝတ်စုံဖြစ်တဲ့ Hanfu သာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ကိုရီးယား အင်တာနက်သုံးသူတွေကတော့ Hanbok ကို တရုတ်ရိုးရာ ဝတ်စုံအနေနဲ့ အသွင်အပြင် ဖန်တီးနေတာဟာ အရှေ့မြောက်စီမံကိန်းကို သတိရမိစေတယ်လို့ ပြောခဲ့ပါတယ်။
အရှေ့မြောက် စီမံကိန်း ဆိုတာကတော့ ရှေးဟောင်း ကိုရီးယားဘုရင့်နိုင်ငံတော်နဲ့ ပတ်သက်တဲ့ သမိုင်းဆိုင်ရာ ပြောဆိုချက်တွေကို ပုံဖျက်မယ့် စီမံကိန်းတခုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။အရှေ့မြောက်စီမံကိန်းအရ တရုတ်ဟာ ဂျိုဆွန်း၊ ဂိုဂူလျောနဲ့ ဘတ်ဟီးတို့ဟာ တရုတ်သမိုင်းတွေသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အခုလိုမျိုး ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ ပြောဆိုချက်တွေကို တရုတ်ဘက်ကနေ ပြောဆိုခဲ့တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ မကြာသေးခင်တုန်းကတော့ ကိုရီးယားစစ်ပွဲအတွင်းမှာ အသက်ပေးဆပ်ခဲ့ကြရတဲ့ မြင့်မြတ်သူတွေအကြောင်း BTS အဖွဲ့ဝင် RM ရဲ့ ပြောဆိုချက်ကြောင့် နှစ်နိုင်ငံမှ အင်တာနက်သုံးသူတွေကြားမှာ အချေအတင် ပြောဆိုမှုတွေ ဖြစ်ခဲ့ရပါသေးတယ်။
Ref: allkpop
You may also like these stories:
ဝေဘာဂီဆေးရုံကနေ ကြိုတင် ဆန္ဒမဲ ပေးခဲ့တဲ့ ကျော်သူ
ရဲတိုက်ရဲ့ ပန်းချီကား ၂ ချပ်ကို ကြမ်းခင်းဈေး ၃ သိန်းနဲ့ လေလံစတင်
“ကိုယ်ပေးတဲ့ ပါတီ ရာနှုန်းပြည့် အနိုင်ရဖို့ လိုတယ်”လို့ အဆိုတော် သျှီ ပြော