မကြာခင် ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးဟာ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ပြီး ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးကြမယ့် ပြည်သူတွေအတွက် တင်ဆက်သူ မောင်မောင်အေးက ကိုယ်လုပ်မယ့် အလုပ်တခုကို သေချာအာရုံ စိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ပါလို့ ဧရာဝတီကို ပြောပါတယ်။
“မဲကတော့ အရှိန်တက်နေပြီ။ ဒီထဲပဲ အားလုံးက အာရုံ ရောက်နေကြပြီ။ ကိုယ့်တာဝန် ကိုယ်ကျေချင်နေကြပြီ။ ကိုယ့်ရဲ့ မဲတပြားကိုလည်း တန်ဖိုးရှိရှိ အသုံးပြုချင်နေကြပြီ။ ကိုယ့်ဘက်က တာဝန်ကျေသလိုမျိုးပဲ၊ ဘေးကနေလည်း နည်းလမ်းပေါင်းစုံနဲ့ ဒေါသထွက်အောင်၊ မခံချင်စိတ်တွေ ပေါ်လာအောင် ဆွမယ့် နည်းလမ်းတွေကိုလည်း ကြုံလည်း ကြုံနေရပြီ။ ကိုယ်လုပ်မယ့် အလုပ်တခုကို သေချာအာရုံ စိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ပါ”
“မဲရုံကို သွားပြီး အမှားအယွင်း မရှိအောင် ဖြည့်ပါ။ တည်တည်ငြိမ်ငြိမ်လေး တံဆိပ်တုံး နှိပ်ပါ။ မဲ စာရွက် ပြဲ၊ မပြဲ သေချာ စစ်ပါ။ ကိုယ်အားပေးမယ့် ပါတီအရောင်တွေ မဝတ်သွားပါနဲ့။ မသင်္ကာစရာ ရှိရင်လည်း ချက်ချင်းပြောပါ။ နည်းမျိုးစုံနဲ့ မထင်နိုင်တာမျိုး ဖြစ်လာခဲ့ရင် သတိရှိနေဖို့ နောက် သူများ ဆွပေးတိုင်း ဒေါသမထွက်ဖို့ ကိုယ့်တာဝန်ကျေပြီးရင် အိမ်ကို တန်းပြန်ပါ”လို့ မောင်မောင်အေးက ပြောပါတယ်။
ဒီနေ့ခေတ်မှာ မဲပေးကြမယ့် လူငယ်တွေက ဘယ်ပါတီကို မဲပေးမယ်၊ မပေးဘူးဆိုတာ ပိုသိကြတယ်လို့လည်း မောင်မောင်အေးက ဆိုပါတယ်။
“မဲမပေးလည်း ဘာမှမဖြစ်ပါဘူးကွာဆိုပြီး ပြောတဲ့ လူငယ်တွေ သိပ်တောင် မတွေ့ရတော့ပါဘူး။ မဲ တပြားက အရေးမကြီးဘူးလို့ သူတို့ မထင်တော့ဘူး။ တချို့လူငယ်တွေကတော့ ဘယ်ပါတီကို မဲပေးမယ်၊ မပေးဘူးဆိုတာ ကိုယ်တွေထက်တောင် သူတို့က ပိုသိနေတယ်”
“တချို့လူငယ်တွေက တခုပဲ၊ ဘယ်ဟာမှားလဲ၊ ဘယ်ဟာမှန်လဲ၊ သူတို့ ထင်နေတာတွေက တကယ့်အမှန် ဟုတ်၊ မဟုတ် ကွဲကွဲပြားပြား မသိသေးတာတွေ ရှိသေးတယ်။ မှိုင်းတွေနဲ့ နားဝင်နေတဲ့ လူငယ်တွေလည်း ရှိကောင်း ရှိနိုင်တယ်”လို့ မောင်မောင်အေးက ပြောပါတယ်။
ဒီမိုကရေစီ အလင်းရောင် ငွေ့ငွေ့လေး ရလာချိန်မှာ မဲပေးရမယ့် တရက်စာလေးကို မလုပ်လိုက်ရင် ဘဝတွေ ပျက်ခဲ့ရသူတွေကို အားနာသင့်တယ်လို့ ဆိုပါတယ်။
“လမ်းပြတဲ့ ခေါင်းဆောင်ကောင်းတွေက ထောင်ထဲမှာနေခဲ့ရပြီး ဒီမိုကရေစီ အလင်းရောင် ငွေ့ငွေ့လေး ရလာချိန်မှာ တရက်လေးပဲ မဲပေးလိုက်ဖို့ ကိုမင်းကိုတို့လို နောက် ထောင်ထဲမှာ အသက်ပေးခဲ့သူတွေ ဘဝပေးခဲ့သူတွေ အများကြီး ဖြစ်နေချိန် ကျနော်တို့က သွားနေ ပျော်နေကြတာ။ ဒီတရက်တည်း မလုပ်ပေးနိုင်ရင် ဘဝတွေ ပျက်ခဲ့ရသူတွေကို အားနာသင့်တယ်လို့ ထင်တယ်။ ဒီတရက်စာလေးကတော့ အမှန်တရားဘက်က ရပ်တည်ဖို့ လိုအပ်ပါတယ်”လို့ မောင်မောင်အေးက ပြောပါတယ်။
နောင်တဆိုတာ နောင်မှ တရတတ်တာမို့ နောင်တမရမိအောင် ကိုယ့်ရဲ့ တွေးခေါ်မှု ဆုံးဖြတ်ချက်တွေ မှန်ကန်နေဖို့ လိုပါတယ်လို့ ဆိုပါတယ်။
“မဟော်သဓာ ဇာတ်နဲ့ ပြောရင် သားတရား စီရင်ခန်းအတိုင်းပဲ။ မိခင်ကိုယ်တိုင်ကသာ ကိုယ့်သားကို မဆွဲဘဲနေမှာ နာမှာစိုးလို့။ တကယ်ဆွဲပြီး အားရပါးရ အရိုးရော အသားရော ကိုက်စားပြီးတော့ တကောင်လုံး အစဖျောက်မယ့်သူတွေက ရှိပြီးသား။ ရှိလည်း ရှိခဲ့ပါတယ်။ စားလည်း စားခဲ့ပါတယ်။ အဲ့အနေအထားကိုတော့ သိဖို့လိုတယ်။ အဲ့အတွက်ကြောင့်ပဲ ကျနော်တို့လည်း ဒီအရွယ်မှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်”
“အဲ့ဒါကလည်း လူထုခေါင်းဆောင် ပြောထားတဲ့ အတိုင်းလုပ်သင့်တယ်ထင်တဲ့ အချိန်မှာ ကြောက်ပေမယ့်လည်း လုပ်ရမယ်။ မဲကလည်း ထည့်သင့်တဲ့ချိန်မို့ ထည့်ရမယ်။ ၁၈ နှစ် မဟုတ်လို့ ၈၁ နှစ်ဖြစ်ဖြစ် ထည့်သင့်တဲ့အချိန် မှာ ထည့်ကိုထည့်ရမယ်။ အဲ့ဒါကတော့ အရေးကြီးပါတယ်”
“အဲ့ဒါလေးတချက် အသိတရားက နောက်ကျမှ ဝင်လာတတ်တယ်။ နောင်တဆိုတာ နောင်မှတရတယ်။ နောင်တ မရမိ အောင် ကိုယ့်ရဲ့ တွေးခေါ်မှု ဆုံးဖြတ်ချက်တွေ မှန်ကန်နေဖို့ လိုပါတယ်”လို့ မောင်မောင်အေးက ပြောပါတယ်။
အစီအစဉ် တင်ဆက်သူ မောင်မောင်အေးကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အောင်နိုင်ရေး လုပ်ငန်းတွေမှာ တတပ်တအား ပါဝင်နေပြီး ကိုဗစ်အလှူဒါန ပရဟိတ အလုပ်တွေမှာလည်း တတ်အားသရွေ့ ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။
You may also like these stories:
“ကိုယ်ပေးတဲ့ ပါတီ ရာနှုန်းပြည့် အနိုင်ရဖို့ လိုတယ်”လို့ အဆိုတော် သျှီ ပြော
“ရင်ထဲမှာ ဘယ်သူ့ကို မဲပေးမယ်ဆိုတာ ရွေးချယ်ပြီးသား”ဆိုတဲ့ ကျော်ကျော်ဗို
“No Vote ဆိုတာ ကလေးဆန်တဲ့လုပ်ရပ်”လို့ သရုပ်ဆောင် အောင်မြင့်မြတ် ပြော