အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်နိုင်ရေးသီချင်းများကို ဖန်တီးသီဆိုခဲ့သူ အဆိုတော် သံသာဝင်းကတော့ NLD ပါတီကို ဝန်းရံတာဟာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တာကြောင့်လို့ ဧရာဝတီကို ပြောပါတယ်။
“ကျမ အမြဲတမ်း ပြောပါတယ်။ NLD ကို ဝန်းရံတာဟာ ခေါင်းဆောင်ကို ယုံကြည်လို့။ အန်တီ့ကို သူ့ရဲ့ ဉာဏ်ပညာ၊ အမျှော်အမြင်ကို ယုံကြည်တယ်။ သူ့သမာဓိကို ယုံကြည်တယ်။ ပြီးတော့ သူ့ရဲ့ပြည်သူတွေအပေါ်ထားတဲ့ မေတ္တာတရားကို ယုံကြည်တယ်။ ဒီလိုကောင်းတဲ့ ခေါင်းဆောင်က ကောင်းတဲ့ မူဝါဒတွေ ချမှတ်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ စနစ်ကောင်းတခုကို ဖော်ဆောင်တဲ့ နေရာမှာ ဒီပါတီထက်ကောင်း ယုံကြည်ရတဲ့ပါတီ ကျမ အတွက် မရှိသေးဘူး။ အဲဒါကြောင့် ဝန်းရံတာ”
“တကယ်လို့ ဒီထက်ကောင်းတဲ့၊ ပြည်သူတွေကို အကျိုးပြုမယ့် နည်းစနစ်ကောင်းတဲ့ ပါတီတခုခု အဖွဲ့အစည်းတခုခု ပေါ်လာမယ်ဆိုရင်တော့ တမျိုးပေါ့။ အန်တီ့ကိုတော့ အဓိကထား ဝန်းရံချင်တာ။ အန်တီ့ကို ဝန်းရံချင်လို့ အန်တီ ဦးဆောင်တဲ့ပါတီကို ဝန်းရံတာပါ။ အန်တီ ရှိနေသ၍ကတော့ အန်တီ့ဘက်ကဝန်းရံဖို့ အဆင်သင့်ပါပဲ။ အဲ့လိုပဲ ဆုံးဖြတ်ထားပါတယ်” လို့ သံသာဝင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်များ အွန်လိုင်းစကားဝိုင်းမှာလည်း ပါဝင်ဆွေးနွေးခွင့်ရခဲ့တဲ့ သံသာဝင်းဟာ ဒီတွေ့ဆုံမှုအတွက် ကြည်နူးပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း NLD ကို ဝန်းရံပြီး ပါတီစည်းရုံးရေးများကို နယ်ပေါင်း ၄၀ ကျော်အထိ သွားရောက်ခဲ့ပေမယ့် ၂၀၂၀ မှာတော့ ကိုဗစ်ကြောင့် အွန်လိုင်းကနေသာ မဲဆွယ်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ်အတွက် ပါတီအောင်နိုင်ရေးသီချင်းဖြစ်တဲ့ “အောင်လံလွှင့်မည် NLD” ကိုလည်း ကိုယ်တိုင်ဖန်တီးသီဆိုထားတာ တွေ့ရပါတယ်။
“အနုပညာရှင်ဆိုတာလည်း တကယ်တမ်းတော့ ပြည်သူတယောက်ပါပဲ။ ကိုယ်တတ်တဲ့ အနုပညာနဲ့ ပြည်သူတွေကို မှန်ကန်တဲ့ လမ်းကြောင်းကို ရောက်နိုင်အောင် မှန်ကန်တဲ့ အတွေးတွေ တွေးနိုင်အောင် Message ပေးရမယ့်နေရာမှာ တာဝန်ရှိတယ်လို့ ခံယူတယ်။ နိုင်ငံသားတယောက်ဆိုတာ နိုင်ငံ့ရဲ့ တာဝန်တော့ သိရမယ်ပေါ့”
“အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ပြောသလိုပေါ့။ သာမန် လူတယောက်ကနေ သာမန်လူတွေကို ပြောတာထက် အနုပညာရှင်တွေက ပြောတယ်ဆိုရင် သူ့ကိုချစ်တဲ့ ပရိသတ်တွေကို အနုပညာရှင်ရဲ့စကားဆိုရင် လေးစားကြတယ်။ လိုက်နားထောင်ကြတော့ အနုပညာက အင်အားကြီးတယ်ဆိုတော့ အဲ့အင်အားကို ကောင်းတဲ့ဘက်မှာ အသုံးချတတ်ဖို့တော့ လိုတာပေါ့” လို့ သံသာဝင်းက ပြောပါတယ်။
သံသာဝင်းကတော့ ၂၀၁၅ ခုနှစ်ကလည်း ပါတီအောင်နိုင်ရေးအတွက် သီချင်းဖန်တီးခဲ့သလို ၂၀၂၀ မှာလည်း အနုပညာရှင် ၄၅ ယောက်နဲ့အတူ “အောင်လံလွှင့်မည် NLD” သီချင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။
You may also like these stories:
အနုပညာရှင် ၄၅ ယောက် ပါဝင် ဖန်တီးထားတဲ့ “အောင်လံလွှင့်မည် NLD”
NLD မဲနိုင်အောင် ဝိုင်းဝန်းဖို့ အနုပညာရှင်များကို ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ
၂၀၂၀ NLD အောင်နိုင်ရေးသီချင်းကို အနုပညာရှင်များစွာ ပါဝင်သီဆိုမည်