အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၉ သန်းဟာ အိမ်ကြီးကြီးတလုံး ဒါမှမဟုတ် အကြီးစား ရွက်လှေတစီးဝယ်ယူနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါမှမဟုတ် အကြိုက်နှစ်သက်ဆုံး ပရဟိတအဖွဲ့ ၉ ဖွဲ့ထံ ဒေါ်လာ ၁ သန်းစီလည်း လှူဒါန်းနိုင်ပါတယ်။
မကြာသေးခင်က ကျင်းပခဲ့ပြီးဖြစ်တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် အဆိုတော် Kanye West ဟာ သမ္မတလောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံဖို့ ဒေါ်လာ ၉ သန်း အသုံးပြုခဲ့ပြီး ပြည်နယ်ပေါင်း ၁၂ ခုကနေ မဲအရေအတွက် ၆၀၀၀၀ ကျော် ရရှိခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် အချိုးအစားအရ ပြန်ရေတွက်မယ်ဆိုရင် သူဟာ မဲတမဲအတွက် ဒေါ်လာ ၁၅၀ ကျသင့်ခဲ့တယ်လို့ ဆိုနိုင်မှာပါ။
ဒါဟာ ဒုတိယသမ္မတလောင်း တဦးအနေနဲ့ ရွေးကောက်ခံခဲ့တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်က မဲအရေအတွက် မပါဝင်သေးပါဘူး။ ဖက်ဒရယ် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အစီရင်ခံစာအရ အဆိုတော် West ဟာ သူ့ရဲ့ လှုံ့ဆော်ရေး ကမ်ပိန်းအတွက် ဒေါ်လာ ၁၀ သန်းနီးပါး အသုံးချခဲ့ပြီး ၁ သန်းကိုတော့ လှူဒါန်းငွေအဖြစ် ရရှိခဲ့တယ်လို့ သိရပါတယ်။
သူဝင်ရောက် အရွေးချယ်ခံခဲ့တဲ့ ပြည်နယ်တွေကတော့ အာကန်ဆက်၊ ကော်လိုရာဒို၊ အီဒါဟို၊ အိုင်အိုဝါ၊ ကန်တက်ကီ၊ လူဝစ်စီးယားနား၊ မင်နီဆိုးတား၊ မစ္စစ္စပီ၊ အိုကလာဟိုးမား၊ တန်နန်ဆီ၊ ယူတားနဲ့ ဗားမောင့် ပြည်နယ်တို့ ဖြစ်ပြီး အဲ့ဒီအထဲက တန်နီဆီ ပြည်နယ်မှာဆိုရင် မဲအရေအတွက် ၁ သောင်းကျော်ရရှိခဲ့တာကို တွေ့ရပါတယ်။
လက်ရှိအချိန်ထိ ရလဒ်အဖြေ မပေါ်သေးတဲ့ သမ္မတရွေးကောက်ပွဲမှာ သူဟာ အဓိကကျတဲ့ ပြည်နယ်မှာတွေမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ အဆိုတော် West ဟာ အမေရိကန် လွတ်လပ်ရေးပါတီ ကိုယ်စားလှယ်လောင်း Roque De La Fuente နဲ့အတူ ဒုတိယသမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် မဲပြားပေါ်မှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီမဲ အရေအတွက်ကိုတော့ သူရရှိခဲ့တဲ့ မဲစာရင်းထဲမှာ ထည့်သွင်း မရေအတွက်ခဲ့ပါဘူး။
မဲပေးတဲ့နေ့မှာ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာတော့ အဆိုတော် West က ဝိုင်အိုမင်းပြည်နယ်မှာ ဝင်ရောက်မဲပေးခဲ့ရာမှာ သူ့နာမည်ကို သမ္မတနေရာမှာ ရေးခဲ့ပြီး မဲပြားပေါ်က ကျန်တဲ့ အကွက်တွေကို မဖြည့်ဘဲ ထားခဲ့တာ ကိုတွေ့ခဲ့ရပါတယ်။ ဒါဟာ သူ့အတွက် ပထမဆုံး မဲပေးမှုဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့လည်း သူ့ရဲ့ သမ္မတဖြစ်ရေး အိပ်မက်ကတော့ မပြီးဆုံးသေးပါဘူး။ နိုဝင်ဘာလ ၄ ရက်နေ့မှာပဲ သူဟာ “KANYE 2024” ဆိုတဲ့ စကားလုံးတွေနဲ့အတူ အမေရိကန်မြေပုံရှေ့မှာ သူ့ရဲ့ဓာတ်ပုံကို ထည့်ပြီး Twitter မှာ တင်ခဲ့ပါတယ်။
Ref: cnet
You may also like these stories:
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ကိုယ့်ကိုယ်ကိုယ် မဲပေးခဲ့တဲ့ Kanye West
ထရမ့်လား ဘိုင်ဒင်လား၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲနေ့မှာ မျှော်လင့်ထားရမည့် အရာ ၅ ခု
ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတဖြစ်ရင် အာရှကို ဘယ်လိုသက်ရောက်မလဲ