Entertainment

“နင်လမ်းတွေ့ခဲ့ရင်” သီချင်းနဲ့ ပရိသတ် အားပေးမှု ပိုရရှိခဲ့တဲ့ ယွန်းမြတ်သူ

Want create site? Find Free WordPress Themes and plugins.

“နင်လမ်းတွေ့ခဲ့ရင်” ဆိုတဲ့သီချင်းနဲ့ ပရိသတ် အားပေးမှု ရရှိလာတဲ့ အဆိုတော် ယွန်းမြတ်သူကတော့ သီချင်း Official မထွက်ခင် အမြည်းထွက်လာကတည်းက အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ပရိသတ်တွေက ညီမ သီချင်းတွေကို ကြိုက်ကြတယ်။ အခု “နင်လမ်းတွေ့ခဲ့ရင်” သီချင်းဆိုလည်း ကြည့်ရှုသူ ၁ သန်းထိ ရောက်တယ်။ Share တဲ့သူလည်း များတယ်။ Joox မှာလည်း နားထောင်ပေးကြတယ်။ အရမ်းဝမ်းသာရပါတယ်။ ပရိသတ်တွေကို ကျေးဇူးလည်းတင်ပါတယ်။ TikTok ဆော့ပေးကြလို့လည်း ညီမက ကျေးဇူးတင်ပါတယ်”လို့ ယွန်းမြတ်သူက ပြောပါတယ်။

အဆိုပါ “နင်လမ်းတွေ့ခဲ့ရင်” သီချင်းကတော့ မြန်မာနိုင်ငံက TikTok အသုံးပြုသူ လူငယ်တွေကြားမှာ ရေပန်းစားခဲ့ပြီး အမြည်းသီချင်းစာသားမှာတင် ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြတာပါ။

ယွန်းမြတ်သူရဲ့ “နင်လမ်းတွေ့ခဲ့ရင်” သီချင်း

“ညီမအနေနဲ့ ဒီသီချင်းကို ဖန်တီးပြီး အမြည်းလေး တင်လိုက်တာ အရမ်းပေါက်သွားတယ်။ ညီမလေး ဖြူသဲဦးကလည်း ဒီသီချင်းလေးနဲ့ TikTok ရိုက်လိုက်တာ။ သူရိုက်တာလေးလည်း သဘောကျကြတယ်။ သူရိုက်ထားတဲ့ ဗီဒီယိုဆိုလည်း Like တွေ အများကြီးရတယ်။ သီချင်းလေးနဲ့ သရုပ်ဆောင်တာ ကိုက်ညီသွားတော့ သီချင်းလေးက ပိုပြီး ပရိသတ် သိသွားတယ်”

“အဲ့လို သိသွားတော့ ညီမအနေနဲ့ သီချင်းထွက်ဖို့က ဘယ်လိုမှ သီချင်းထွက်ဖို့ အဆင်မပြေဘူး။ ကိုယ်တိုင်က သီချင်းသွင်းဖို့ကလည်း မသွင်းရသေးဘူး။ နောက်ပိုင်း Remix ထွက်လာတယ်။ သီချင်း အမြည်းကို ယူလုပ်ထားတာဆိုတော့ Official ထွက်ပြီ ထင်ထားကြတာ။ အဲ့အတွက် ညီမအနေနဲ့ သီချင်းက မထွက်လို့ မရတော့ဘူး။ မရတဲ့အခါကျတော့ အသံကို ရအောင်သွင်းပြီး ကြိုးစားခဲ့ရတယ်။ ညီမအနေနဲ့ စိုးရိမ်ခဲ့ရတာတွေ ရှိပါတယ်”လို့ ယွန်းမြတ်သူက ပြောပါတယ်။

အလွမ်းအဆွေး သီချင်းတွေနဲ့ လူသိများတဲ့ ယွန်းမြတ်သူက ထွက်ရှိထားတဲ့ သီချင်း ၄ ပုဒ် စလုံးက အလွမ်းသီချင်းတွေချည်း ဖြစ်တာကြောင့် ရသမျိုးစုံ ပေးနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

အဆိုတော် ယွန်းမြတ်သူ (ဓာတ်ပုံ – Yoon Myat Thu’s Facebook)

“ညီမက အလွမ်းအဆွေး သီချင်းတွေနဲ့ ပေါက်ခဲ့တယ်။ ညီမထွက်ခဲ့တဲ့ ၄ ပုဒ်လုံးက အလွမ်းအဆွေးတွေပဲဆိုတော့ ညီမကို အလွမ်းအဆွေးသီချင်းတွေနဲ့ ပဲ တွဲမြင်ကြတယ်။ ညီမ အနေနဲ့က ပရိသတ်ကို ရှိတဲ့ အနုပညာဝမ်းစာနဲ့ ပျော်စရာတွေကော၊ အမြူးရော၊ အလွမ်းအဆွေးတွေရော ဖန်တီးနိုင်အောင် ကြိုးစားနေတယ်။ ညီမ ရသမျိုးစုံ ပေးချင်တယ်။ ပေးနိုင်အောင်လည်း ကြိုးစားနေမှာပါ။ အကောင်းဆုံး ဖန်တီးနိုင်အောင် ကြိုးစားနေပါတယ်”လို့ ဆိုပါတယ်။

အသိအမှတ်ပြုပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်သလို စီနီယာ အဆိုတော် ဟဲလေးကလည်း ချီးကျူးပေးတဲ့အတွက် အရမ်း ဝမ်းသာမိတယ်လို့ ယွန်းမြတ်သူက ပြောပါတယ်။

“အသိအမှတ်ပြုပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အားပေးတဲ့ထဲမှာ စီနီယာအစ်ကိုဖြစ်တဲ့ ကိုဟဲလေးကလည်း ချီးကျူးပေးတဲ့အတွက် အရမ်းဝမ်းသာရတယ်။ အရမ်း ပျော်တာပေါ့။ ကိုဟဲဆိုတာ ညီမတို့ အားပေးခဲ့ရပြီး သီချင်းတွေ အရမ်းကြိုက်ရတဲ့ အဆိုတော် တယောက်၊ ကိုယ့် Idol က ချီးကျူးတဲ့အတွက် ပျော်တယ် ဆိုတာထက် ကိုယ့်ကြိုးစားမှုလေးကို ကိုယ့်စီနီယာက အသိအမှတ်ပြုပါလားလို့ ကိုယ့်ဟာကိုယ် မြင်မိတယ်”လို့ ယွန်းမြတ်သူက ပြောပါတယ်။

အဆိုတော် ယွန်းမြတ်သူကတော့ “အချစ်ဟူသည်” သီချင်း Cover ဆိုရင်း ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပြီး၊ သူ့ရဲ့ “အဆင်ပြေမနေပါဘူး” သီချင်းနဲ့ “နင် လမ်းတွေ့ခဲ့ရင်” သီချင်းတွေက ပရိသတ်တွေကြားမှာ အထူး အားပေးမှု ရရှိခဲ့ပါတယ်။

You may also like these stories:

မင်္ဂလာလက်မှတ် ရေးထိုးလိုက်ပြီဖြစ်တဲ့ သရုပ်ဆောင် စည်ဖြိုးတို့ စုံတွဲ

ရဲတိုက်ရဲ့ ပန်းချီကား ၂ ချပ်ကို ကြမ်းခင်းဈေး ၃ သိန်းနဲ့ လေလံစတင်

ကိုဗစ်အလှူအတွက် ကဒေါင်းရင်ထိုးကို သိန်း ၃၁၀ နဲ့ လေလံအောင်သွားတဲ့ စမိုင်းလ်

Did you find apk for android? You can find new Free Android Games and apps.
Loading