မင်သား Johnny Depp ဟာ “ဇနီးကို ရိုက်နှက်သူ” လို့ သူ့ကို နာမည်တပ်ခဲ့တဲ့ ဗြိတိန်က မီဒီယာတို့အကြား ဖြစ်ခဲ့တဲ့ အသရေဖျက်မှုမှာ ရှုံးနိမ့်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာပဲ “Fantastic Beasts” ရုပ်ရှင်တွေကနေ နုတ်ထွက်သွားတယ်လို့ သိရပါတယ်။
နာမည်ကျော်စတား မင်းသား Depp က Warner Bros. ရုပ်ရှင်စတူဒီယိုဟာ Gellert Grindelwald ဗီလိန်အဖြစ် သရုပ်ဆောင်တာကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့တဲ့အကြောင်း Instagram မှာ ရေးသားပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူက “အဲ့ဒီတောင်းဆိုချက်ကို ကျနော်က လေးစားပြီး သဘောတူခဲ့ပါတယ်” လို့ ဆိုပါတယ်။
မင်းသား Depp ဟာ “Fantastic Beasts” ရုပ်ရှင်စီးရီးကနေ နုတ်ထွက်မှာ ဖြစ်ပြီး သူ့ရဲ့ ဇာတ်ကောင်နေရာအတွက် လူပြန်ရွေးမှာဖြစ်တယ်လို့ Warner Bros. က ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
မင်းသားဟာ ဟယ်ရီပေါ်တာ စာရေးဆရာမ J.K. Rowling ရဲ့ ခွဲထွက်ရုပ်ရှင်တွေထဲက တတိယမြောက် ဇာတ်လမ်းအတွက် ရိုက်ကူးရေးတွေကို မကြာသေးခင်ကမှ ပြန်လည် စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စတူဒီယိုရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အဲ့ဒီရုပ်ရှင်ကို လာမယ့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ပြသမယ့်အစား ၂၀၂၂ ခုနှစ် နွေရာသီကာလအထိ ရွှေ့ဆိုင်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု ခံခဲ့ရသူဖြစ်ခဲ့ဖူးတဲ့ စာရေးဆရာမ Rowling ကတော့ မင်းသား Depp ရဲ့ နုတ်ထွက်မှုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။ အခုလိုမျိုး မင်းသားရဲ့ နုတ်ထွက်မှုဟာ သရုပ်ဆောင် မင်းသား တယောက်ရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ လူပြန်ရွေးရမယ့် ဟောလိဝုဒ်ရဲ့ ရှားရှားပါးပါး ဖြစ်စဉ်တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မင်းသား Kevin Spacey ဟာ အမျိုးသား အယောက် ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ခံခဲ့ရပြီးတဲ့နောက် ၂၀၁၇ ခုနှစ်မှာ “All the Money in the World” ရုပ်ရှင်ထဲက သူ့ရဲ့ ဇာတ်ကောင်နေရာကို မင်းသား Christopher Plummer နဲ့ အစားထိုးခဲ့ပါတယ်။ မင်းသား Spacey ကတော့ ပထမဆုံး စွပ်စွဲသူကို တောင်းပန်ခဲ့ပေမယ့် မှတ်ချက်ပေးခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။
အမေရိကန်မင်းသား Charlie Sheen ဟာလည်း လပေါင်းများစွာ အရက်သောက်ပြီး မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ပါတီပြုလုပ်ခဲ့ကြောင့် ၂၀၁၁ ခုနှစ်မှာ “Two and a Half Men” ရုပ်သံစီးရီးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ သူ့ရဲ့နေရာမှာ မင်းသား Ashton Kutcher နဲ့ အစားထိုးခဲ့ပါတယ်။
လန်ဒန်မြို့က အသရေဖျက်မှုဆိုင်ရာ တရားစီရင်ချက်အပေါ် အယူခံတက်ဖို့ စီစဉ်ထားတဲ့ အသက် ၅၇ နှစ်အရွယ် မင်းသား Depp က သူ့ရဲ့ ဘဝနဲ့ လုပ်ငန်းကို အခုအချိန်က အဓိပ္ပါယ် သတ်မှတ်ပေးနိုင်မှာ မဟုတ်တဲ့အကြောင်း စာရေးသားထားပါတယ်။
“Pirates of the Caribbean” ရုပ်ရှင်စတား မင်းသား Depp ဟာ အသက် ၃၄ နှစ်အရွယ် ဇနီးဟောင်း မင်းသမီး Amber Heard ကို အကြမ်းဖက်ခဲ့တယ်လို့ ပြောဆိုခဲ့တဲ့ The Sun သတင်းစာရဲ့ ထုတ်ဝေသူတွေကို တရားစွဲဆိုခဲ့ပါတယ်။ အဲ့ဒီသတင်းစာကတော့ “Fantastic Beasts” ရုပ်ရှင်မှာ မင်းသားရဲ့ ပါဝင်မှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဇူလိုင်လအတွင်းမှာ သီတင်း ၃ ပတ်ကြာမြင့်ခဲ့တဲ့ ကြားနာမှုအတွင်းမှာတော့ မင်းသားနဲ့ မင်းသမီးတို့နှစ်ဖက်လုံးရဲ့ သက်သေတွေကို မြင်တွေ့ခဲ့ရပြီး မင်းသားရဲ့ အရက်အလွန်အကျွံ သောက်ခဲ့မှုအကြောင်း သိရှိခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့မှာတော့ တရားရုံးက မင်းသား Depp အမှုရှုံးနိမ့်ကြောင်း အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မင်းသား Depp ဟာ ၂၀၁၆ ခုနှစ်မှာ မင်းသမီး Heard နဲ့ ကွာရှင်းလိုက်တယ်ဆိုတဲ့ အသေးစိတ်သတင်းတွေ ပရိသတ်ရှေ့မှောက်ချပြခဲ့ပြီးတဲ့နောက် စာရေးဆရာမ Rowling က မင်းသားကို ပထမဆုံး “Fantastic Beasts” ရုပ်ရှင်မှာ ပါဝင်စေခဲ့လို့ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။
အဲ့ဒီအချိန်တုန်းကတော့ စာရေးဆရာမက အဲ့ဒီကွာရှင်းမှုဟာ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကတော့ Warner Bros. က မင်းသားရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ပြောဆိုခဲ့ပါတယ်။
Newt Scamander ရဲ့ မှော်ဆန်တဲ့စွန့်စားခန်းအကြောင်း အခြေခံထားတဲ့ “Fantastic Beasts” ရုပ်ရှင်ဟော ဟယ်ရီပေါ်တာ ရုပ်ရှင်တွေမတိုင်မီ နှစ်ပေါင်း ၆၀ အချိန်မှာ ဇာတ်အိမ်တည်ထားပြီး ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲက အဓိကဇာတ်ကောင်တချို့ကို ငယ်ရွယ်တဲ့ပုံစံနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ရုပ်ရှင် ၅ ကားထဲက ပထမဆုံး ၂ ကားဟာ ကမ္ဘာ့ရုံဝင်ငွေမှာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရရှိခဲ့ပါတယ်။
Ref:asiaone
You may also like these stories:
“နင်လမ်းတွေ့ခဲ့ရင်” သီချင်းနဲ့ ပရိသတ် အားပေးမှု ပိုရရှိခဲ့တဲ့ ယွန်းမြတ်သူ
“ဒေါ်အောင်ဆန်းစုကြည်ထံမှာ လေ့လာစရာတွေ မကုန်ဘူး”လို့ မောင်မောင်အေး ဆို
Druk International Film Festival မှာ “နို့ဘီလူး” ရုပ်ရှင် ဆု ၄ ဆု ရရှိ