ပထမဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင်မှာ မင်းသားကြီး ရှောင်ကွန်နရီ အသုံးပြုခဲ့တဲ့ သေနတ် တလက်ကို ဟောလိဝုဒ် လေလံပေး ကုမ္ပဏီတခုမှာ လာမယ့်လကျရင် လေလံပေးတော့မယ်လို့ သိရပါတယ်။ 007 ရဲ့ ပုံရိပ်နဲ့ တွဲဖက် သိရှိခဲ့ကြတဲ့ အဲ့ဒီ Walther PP ပစ္စတိုကို ပေါင် ၁ သိန်း ၁ သောင်းကျော်ကနေ ၁ သိန်းခွဲအထိကြားမှာ ရောင်းချနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
ပြီးခဲ့တဲ့လတုန်းက ဘဟားမားနိုင်ငံမှာ ကွယ်လွန်ခဲ့တဲ့ အသက် ၉၀ အရွယ် မင်းသားကြီး ရှောင်ဟာ ၁၉၆၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Dr No” ရုပ်ရှင်မှာ လျှို့ဝှက်ထောက်လှမ်းရေး စပိုင်တဦးအနေနဲ့ စတင်သရုပ်ဆောင်ခဲ့ချိန်မှာ အဲ့ဒီ ပစ်ခတ်လို့ မရအောင်လုပ်ထားတဲ့ သေနတ်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ သူဟာ အဲ့ဒီရုပ်ရှင်မှာ အကောင်းဆုံးသရုပ်ဆောင်ခဲ့ပြီး ဟောလိဝုဒ်မှာ လမ်းကြောင်းတခုကို ဖောက်ခဲ့သူအဖြစ် အမည်တွင်ခဲ့ပါတယ်။
အဲ့ဒီရုပ်ရှင်ထုတ်လုပ်ရေးမှာ အသုံးပြုခဲ့တဲ့ လက်နက် နှစ်မျိုးထဲက တမျိုးဖြစ်တဲ့ အဲ့ဒီသေနတ်ကို Bapty လို့ခေါ်ပြီး ၂၀၀၆ ခုနှစ်မှာ ပထမဆုံး လေလံ မပစ်မီအချိန်အထိ မှတ်တမ်းအဖြစ် သိမ်းဆည်းထားခဲ့တာလည်း ဖြစ်ပါတယ်။
Julien’s Auctions အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ Martin Nolan က “ကျနော်တို့ဟာ ဆာရှောင်ကွန်နရီကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရချိန်မှာ အထူးဝမ်းနည်းခဲ့ပြီး ရှောင်ကွန်နရီရဲ့ ကတ်တလောက်မျက်နှာဖုံးမှာ ပါနေကျ Dr No သေနတ်ကို ဟောလိဝုဒ် လေလံပွဲမှာ ခင်းကျင်းပြသ ရောင်းချဖို့ ပြင်ဆင်ထားခဲ့ပါတယ်”
“အဲ့ဒီသေနတ်ကို ကိုင်ထားတဲ့ 007 ရဲ့ပုံရိပ်ဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင် ဇာတ်ကားတွေထဲမှာ အထင်ရှားဆုံး ပုံရိပ်နဲ့ သမိုင်းတလျှောက်လုံးမှာ အသိမှတ်ပြုခံရဆုံး ပေါ့ပ်ယဉ်ကျေးမှု အကိုးအကားတခု ဖြစ်လာမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။
ဆက်ပြီး သူက “သူ့ရဲ့ Walther PP ပစ္စတိုကိုလည်း ကျနော်တို့က ဂုဏ်ယူစွာနဲ့ ထည့်သွင်းထားပြီး ဟောလိဝုဒ်ရဲ့ ဂန္တဝင်အဆန်ဆုံး ရုပ်ရှင်တွေနဲ့ ရုပ်သံစီးရီးတွေထဲက တခြားသမိုင်းဝင် အမှတ်တရပစ္စည်း ရာကျော်နဲ့အတူ ကျနော်တို့ရဲ့ လေလံပွဲမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။
အဲ့ဒီသေနတ်ကို တခြားဟောလိဝုဒ် အမှတ်တရ ပစ္စည်း ၅၀၀ ရောင်းချမှု စာရင်းမှာထည့်သွင်းထားပြီး တခြားပစ္စည်းတွေထဲမှာဆိုရင် Top Gun ရုပ်ရှင်ထဲမှာ မင်းသား တွမ်ခရုဇ် ဝတ်ဆင်ခဲ့တဲ့ ခေါင်းဆောင်း၊ Terminator ရုပ်ရှင်ထဲမှာ မင်းသားကြီး အာနိုးရှာဝါဇနက်ဂါ ဝတ်ဆင်ခဲ့တဲ့ အနက်ရောင်သားရေ ဆိုင်ကယ်ဂျာကင်တို့ ပါဝင်ကြပါတယ်။
ပြီးခဲ့တဲ့လမှာ မင်းသားကြီး ရှောင်ကွန်နရီ ကွယ်လွန်ခဲ့ပြီးနောက် မင်းသားတွေဖြစ်ကြတဲ့ Robert De Niro, Kevin Costner, Sir Michael Caine, Daniel Craig, George Lazenby, Pierce Brosnan နဲ့ Harrison Ford တို့က ဝမ်းနည်းကြောင်း ပြောဆိုခဲ့ကြပါတယ်။ Julien’s Auctions ရဲ့ “Icons & Idols Trilogy: Hollywood” လေလံပွဲကို လာမယ့် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။
Ref: eveningexpress
You may also like these stories:
ပန်ဒါပေါက်လေးတွေ ပါဝင်တဲ့ Blackpink အဖွဲ့ရဲ့ ရသစုံအစီအစဉ် ရွှေ့ဆိုင်း
အမှုရှုံးနိမ့်ပြီးနောက် “Fantastic Beasts” ရုပ်ရှင်မှ မင်းသား Johnny Depp နုတ်ထွက်