ကိုဗစ် အလှူအတွက် အဓိကထား လေလံတင် ရောင်းချပေးနေတဲ့ “3Color” ပန်းချီပြခန်းကနေ ပန်းချီဆရာကြီး၊ ဒါရိုက်တာ ဦးဝင်းဖေရဲ့ “ဖရဲသီးစားကြသူများ” ပန်းချီကားကို ကြမ်းခင်းဈေး ၁၀ သိန်း ဝန်းကျင်နဲ့ လေလံ စတင်ဖွင့်လှစ်ခဲ့ရာ သရုပ်ဆောင် အေးဝတ်ရည်သောင်းက၂၅ သိန်းနဲ့ လေလံအောင်ခဲ့ပါတယ်။
ပန်းချီကားတွေရဲ့ လေလံအောင်တဲ့ ရောင်းရငွေများကိုတော့ COVID-19 ရောဂါ ကုသရေး လုပ်ငန်းတွေမှာ ပြန်လည် လှူဒါန်းသွားမှာဖြစ်ပြီး မအေးသောင်းက ဒီကိုဗစ် အလှူမှာ ပါဝင်ဖြစ်ပုံကို အခုလိုပဲ ပြောပါတယ်။
“ဒီပန်းချီကားလေးကို မြင်မြင်ချင်း အရမ်းကြိုက်တယ်။ အကြာကြီး ကြည့်ပြီး ဒီပန်းချီကားထဲ ရောက်သွားသလို ခံစားရတယ်။ ပထမဆုံး လေလံ စပေးကတည်းက ပါခဲ့တာ။ လေလံအောင်တဲ့ထိ တချိန်လုံး ကြည့်ပြီး ပါဝင်ခဲ့တာပါ။ ဒီပန်းချီကား ဝယ်တာက အဓိကကတော့ ကိုဗစ် အလှူအတွက်ပေါ့။ အလှူလေး လုပ်ချင်တယ်။ တကယ်လည်း ထိထိမိမိ လှူတဲ့ အဖွဲ့အစည်းလည်း ဖြစ်ချင်တာပါတယ်”
“ပန်းချီကားလည်း ကြိုက်တဲ့အတွက်၊ ပန်းချီကားလေးကို ဝယ်လိုက်တဲ့အတွက် ကိုယ်လိုချင်တဲ့ အနုပညာလည်း ရတယ်။ ကိုဗစ် အတွက်လည်း လှူပြီးသား ဖြစ်သွားတယ်။ အဲ့အတွက်ကြောင့် ပါဝင်ရတဲ့အတွက် ပီတိလည်း ဖြစ်တယ်။ အရမ်းလည်း ဂုဏ်ယူပါတယ်”လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။
ဆရာကြီး ဦးဝင်းဖေ ကြိုက်တဲ့ ပန်းချီကားနဲ့ ထပ်တူကျတဲ့အတွက်လည်း ဝမ်းသာပီး ပီတိဖြစ်ရတယ် လို့ ဆိုပါတယ်။
“ဆရာကြီးက ဒီကားလေးကို ကြိုက်တယ်လို့လည်း ပြောပါတယ်။ ဆရာကြီး ကြိုက်တဲ့ ပန်းချီကားနဲ့ ကျမကြိုက်တဲ့ ပန်းချီကားလေးက ထပ်တူဖြစ်လို့လည်း ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဆရာကြီးရဲ့ပြောစကားလေးတွေကိုလည်း ကျမ အမြဲ မှတ်သားထားပါတယ်”
“အနုပညာဆိုတာကတော့ လွတ်လွတ်လပ်လပ်လပ် ခံစားရတယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်ရတယ်။ သတ္တိရှိရှိ ခံစားပြီး ရဲရဲဝံ့ဝံ့နဲ့ လုပ်ရတယ်။ စဉ်းစားပြီးလုပ်တာဖြစ်တဲ့အတွက် အမှားတော့ ပါနိုင်တယ်။ စဉ်းစားထားတဲ့အတွက် အမှားတော့ နည်းမယ်။ ဆရာကြီးရဲ့ စကားလေးတွေကိုလည်း သဘောကျတယ်။ အခု ဆရာကြီး ကားလေး ပိုင်ဆိုင်ရတာလည်း ဂုဏ်ယူမိပါတယ်”လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။
“မအေးသောင်း”လို့ ချစ်စနိုး ခေါ်ကြတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ ကိုဗစ်ကာလမှာလည်း အလှူအတန်းများ ပြုလုပ်နေတာ တွေ့ရပြီး အနုပညာအလုပ်များလည်း အဆက်မပြတ် လုပ်ကိုင်နေတာ တွေ့ရပါတယ်။
You may also like these stories:
ကိုဗစ် အလှူဒါနအတွက် အနုပညာရှင် ၁၆ ဦးရဲ့ ပန်းချီကားများ လေလံတင်မည်
သားအမိ နှစ်ယောက်ရဲ့ ပန်းချီကားတွေကို ဝယ်ယူလို့ ကျေးဇူးတင်နေတဲ့ အိန္ဒြာကျော်ဇင်
ရဲတိုက်ရဲ့ ပန်းချီကား ၂ ချပ်ကို ကြမ်းခင်းဈေး ၃ သိန်းနဲ့ လေလံစတင်