အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဟာ ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့ ဘယ်လောက်ထိ ထပ်တူကျလဲဆိုတာကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာရှိတဲ့ ပြည်သူတွေရဲ့အသံကို ဗီဒီယိုများဖြင့် ဖော်ပြ တင်ဆက်ပေးနေတဲ့ “ခွပ်ဒေါင်းအောင်လံ ပြည်သူ့အသံ” ဆိုတဲ့ Page ကို ဇဏ်ခီတို့ ဇနီးမောင်နှံနဲ့အတူ လူငယ် ၂၅ယောက်တို့က ဖန်တီးခဲ့တာဖြစ်ပါတယ်။
“ကျမတို့ “ခွပ်ဒေါင်းအောင်လံ ပြည်သူ့အသံ” ဆိုတဲ့ Page လေးကို ဗီဒီယိုတွေ စတင်တဲ့ နေ့ကတည်းက ဝင်ရောက် ကြည့်ရှုပေးတဲ့သူတွေ Share ပေးကြတဲ့သူတွေအားလုံး အမြောက်အများ ရှိတာကို တွေ့ရပါတယ်။ ကောမန့်တွေလည်း အများကြီး ဖတ်ရပါတယ်။ ကျေးဇူး အများကြီးတင်ပါတယ်။ စာမပြန်နိုင်တာကိုလည်း ခွင့်လွှတ်ပါ။ အချိန်တိုတိုအတွင်းမှာ အများကြီး တင်ပေးကြတာကြောင့် ကျမတို့အဖွဲ့က အလုပ်လုပ်နေရတာ ဖြစ်လို့ပါ” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။
ဒီဗီဒီယိုတွေကိုတော့ စက်တင်ဘာလအတွင်းက စတင် တင်ဆက်ပေးခဲ့တာဖြစ်ပြီး အချိန်တိုအတွင်း အများကြီးတင်နိုင်အောင် ကြိုးစားခဲ့ရတာဖြစ်တဲ့အတွက် စာမပြန်နိုင်တာတွေ ရှိတာကို ခွင့်လွှတ်ဖို့ ပြောထားပါတယ်။
“ကျမနဲ့ ကိုဇဏ်ခီနဲ့ နှစ်ယောက်တည်း ဒီဗီဒီယိုတွေကိုဖန်တီးခဲ့တာ မဟုတ်ပါဘူး။ ကျမတို့မှာ ကျမတို့နဲ့ စိတ်တူကိုယ်တူ ပံ့ပိုးကူညီပေးချင်ကြတဲ့ လူငယ် ၂၅ ယောက် ထပ်ရှိပါသေးတယ်။ ကျမတို့ နှစ်ယောက်ပါအပါ ၂၇ ယောက် အဖွဲ့ကြီးဟာ ခရီးတွေ ထွက်ခဲ့ကြတယ်”
“ကျမနဲ့ ကိုဇဏ်ခီကတော့ ကယားပြည်နယ် တခုတည်းကိုပဲ ရောက်ခဲ့ပါတယ်။ နောက်ထဲမှာနေခဲ့ပြီးတော့ ကျမတို့နဲ့အတူ Editor တွေက အိမ်တောင် မပြန်ကြတော့ဘဲနဲ့ တောက်လျှောက် အလုပ်လုပ်ပေးတယ်။ ခရီးသွားနေရင်းနဲ့ မိုးတွင်းကြီးမှာတောင် လိုချင်တဲ့ ရုပ်တွေကို ယူပေးကြတယ်” လို့ ခရစ္စတီးနားခီက ပြောပါတယ်။
အဆိုပါ “ခွပ်ဒေါင်းအောင်လံ ပြည်သူ့အသံ” ကို လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း ဇဏ်ခီက အခုလို ရှင်းပြခဲ့ပါတယ်။
“ကျနော်တို့ Documentary လေး လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ အားလုံးဟာ အမေစုကိုချစ်ကြတယ်။ NLD ကို Support လုပ်ကြတဲ့သူတွေ ဖြစ်ကြတယ်။ ကျနော်က ၁၉၈၀ ခုနှစ်ဖွားဆိုတော့ ၁၉၈၈ ကို ကောင်းကောင်း မှီတယ်။ NLD ရဲ့ရပ်တည်ချက်တွေ စွမ်းဆောင်ချက်တွေ ရပ်တည်ချက်တွေကို ကောင်းကောင်း သိလာတယ်။ NLD အစိုးရတရပ်အနေနဲ့ ဖြစ်လာတယ်”
“ဒါပေမဲ့ လှုပ်ရှားမှု ကာလတုန်းကတော့ သူတို့အစွမ်းကုန် ကြိုးစားခဲ့တယ်။ အစိုးရတရပ် အနေနဲ့ရော တကယ်လုပ်နိုင်လား၊ စွမ်းဆောင်နိုင်လား ဆိုတာကို မြို့ပေါ်မှာကျတော့ သိပ်မမြင်ရမတွေ့ရဘူး။ အကြောက်တရားတွေတော့ ပျောက်သွားတယ်။ မှန်တယ်။ အစိုးရတရပ်ရဲ့ စွမ်းဆောင်ချက်တွေကို သိချင်တယ်။ လူတွေအားလုံးကိုလည်း သိစေချင်တယ်။ အဲ့မှာကျနော်တို့ Documentary တွေ စလုပ်ဖို့ဖြစ်လာတယ်” လို့ ဇဏ်ခီက ပြောပါတယ်။
ဆက်လက်ပြီး “ကျနော်တို့ ရိုက်ပြီးတော့ ရလာတာတွေကို ကြည့်တဲ့အခါမှာ တိုးတက်မှုတွေက တော်တော်ကောင်းတယ်။ အားလုံးတွေ့တဲ့အတိုင်းပဲ ဒီဗီဒီယိုတွေထဲမှာ ပြီးတော့ ဒေသခံတွေရဲ့ရင်ဖွင့်သံတွေ ကြားတဲ့အချိန်မှာလည်း အရမ်းကို အားရကျေနပ်ဖို့ ကောင်းတယ်”
“ဒီဗီဒီယိုတွေကို ကျနော်တို့က ချစ်တာ၊ အားပေးတာထက်စာရင် စွမ်းဆောင်မှုတခု ကျနော်တို့ နိုင်ငံမှာ စီမံခန့်ခွဲမှုကောင်းမလား။ ကျနော်တို့ကို တကယ်ပဲ ဦးဆောင်နိုင်မလားဆိုတာကို မျက်ဝါးထင်ထင်မြင်အောင် စပြီးလုပ်တဲ့ သဘောပါ” လို့ ဇဏ်ခီက ပြောပါတယ်။
ပြည်သူတွေရဲ့အသံများသာ မကဘဲ ပြည်ထောင်စုဝန်ကြီးတွေရဲ့ ပြောကြားချက်တွေကိုလည်း တင်ဆက်ပေးခဲ့တာဖြစ်ပြီး အင်တာဗျူးဖြေတဲ့ အခါမှာ လက်မှတ်ထိုးတဲ့သူများကိုသာ ထည့်သွင်း တင်ဆက်တာကြောင့်လည်း အခက်အခဲတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
“အင်တာဗျူးတွေ ယူတဲ့အခါမှာလည်း ကျမတို့က လက်မှတ်ထိုးပေးတဲ့သူကိုမှ အင်တာဗျူးထဲမှာ ထည့်တဲ့အခါကျတော့ အခက်အခဲတွေတော့ ရှိပါတယ်။ ပါဝင်ကူညီပေးတဲ့ သူတွေရော ဖြေဆိုပေးတဲ့သူတွေရော အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ ကျမအတွက်ကတော့ ပြည်ထောင်စုဝန်ကြီးတွေဖြေပေးလိုက်တာက ဦးနှောက်ရော၊ နှလုံးသားရော အာဟာရဖြစ်စေတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ခရစ္စတီးနားခီက ပြောပါတယ်။
“ခွပ်ဒေါင်းအောင်လံ ပြည်သူ့အသံ” မှာတော့ ကချင် ၊ ကယား ၊ ကရင် ၊ ရှမ်း ၊ ပဲခူး အစရှိတဲ့ မြို့တွေမှ ပြည်သူများရဲ့ အသံများကို တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
ကိုဗစ် အလှူအတွက် ဦးဝင်းဖေရဲ့ ပန်းချီကားကို လေလံဝယ်ယူခဲ့တဲ့ မအေးသောင်း
ဒရာမာအသစ်မှာ ဖက်ရှင်ဒီဇိုင်နာအဖြစ် သရုပ်ဆောင်ဖို့ ရှိတဲ့ ဆောင်းဟေဂို
မင်းသားကြီး ရှောင်ကွန်နရီရဲ့ နာမည်ကျော် 007 ပစ္စတိုကို လေလံပစ်မည်