ကိုဗစ်ကာလ ရှည်ကြာလာတာနဲ့အမျှ လူတိုင်းလိုလို စိတ်ဓာတ်ကျတာတွေ၊ စိတ်အားလျော့လာတာတွေ ရှိလာကြပေမယ့် ကောင်းတဲ့ဘက်က တွေးမယ်ဆိုရင် COVID–19 က သင်ခန်းစာတွေ အများကြီးပေးတယ်လို့ အဆိုတော် သံသာဝင်းက ဧရာဝတီကို ပြောပါတယ်။
“ကိုဗစ်ကာလကတော့ မိသားစုတိုင်း အိမ်မှာပဲ နေကြရတော့ ပိုပြီးတော့ ရင်းနှီးမှု ရှိစေတယ်။ ဟင်းချက်တာဆိုရင် မလုပ်ဖူးတာတော့ မဟုတ်ဘူး။ လုပ်ဖူးတယ်။ ဒါပေမဲ့လည်း ပိုပြီးတော့ အားစိုက်ဖို့ အချိန်ရတယ်။ ကိုယ်ပိုင်အချိန်လေးတွေပေါ့”
“ကျမဆိုရင် အရင်က စန္ဒရား တီးတယ်။ နောက်ပိုင်းကျတော့ ပစ်ထားမိတယ်။ ကိုယ့်မှာ ကိစ္စမြားမြောင် သမီးကိစ္စ၊ အိမ်ကိစ္စ၊ လူမှုရေးကိစ္စတွေနဲ့ ပြန်မလုပ်ဖြစ်ဘူး။ အခုလို သတ်သတ်မှတ်မှတ် အချိန်လေးရတော့ ကိုယ်လုပ်ချင်တာလေးကို လုပ်ခွင့်ရတယ်။ ကောင်းတဲ့ဘက်ကတွေးရင် ကိုဗစ်က သင်ခန်းစားတွေ အများကြီးပေးပါတယ်” လို့ သံသာဝင်းက ပြောပါတယ်။
မမျှော်လင့်တဲ့ အခြေအနေတခု ဖြစ်တာကြောင့် ရှိတဲ့အချိန်မှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ မိသားစုကို တန်ဖိုးထားပြီး အချိန်ပေးဖို့အတွက် အသိပြန်ရသွားတယ်လို့ ဆိုပါတယ်။
“နောက်ပြီး ကမ္ဘာကြီးက အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်ဆိုတာ လူတိုင်း ဒီလို အခြေအနေကြီးကို ဘယ်သူမှ မမျှော်လင့်ထားကြဘူး။ ကိုယ်တိုင်လည်း မမျှော်လင့်ထားဘူး။ ဖြစ်သွားနိုင်တယ်ဆိုတဲ့အသိတရားတခု ရတယ်။ အဲ့တော့ ရှိတဲ့အချိန်လေးမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ မိသားစုကို တန်ဖိုးထားပြီးတော့ အချိန်ပေးဖို့လည်း ကိုယ့်ကိုယ်ကိုယ် အသိလေး ပြန်ပေးလို့ ရသွားတာပေါ့” လို့ သံသာဝင်းက ပြောပါတယ်။
စိတ်ဓာတ်ကျနေတဲ့သူတွေအတွက်လည်း အခုလို အားပေးစကား ပြောခဲ့ပါတယ်။
“လောကကြီးက အမြဲ အဆိုးတွေပဲတော့ မဟုတ်ပါဘူး။ အဆိုးပြီးရင် အကောင်းဆိုတာ လာတတ်ပါတယ်။ အဲ့စိတ်လေးပဲ မွေးပြီးတော့ အကောင်းဆုံး ဖြတ်သန်းပါ။ ကိုယ်ချင်းစာပါတယ်။ ကိုယ်တွေကတော့ မဖြစ်သေးလို့ပေါ့။ ဖြစ်တဲ့သူတွေကျတော့ စိတ်ပူပန်ရတယ်။ မိသားစုတွေ ဒုက္ခရောက်တယ်။ အဲ့လိုမျိုးအခါကျတော့ စာနာပါတယ်။ မဖြစ်အောင် ကာကွယ်ဖို့ အရေးကြီးတယ်လို့ ပြလိုက်တာပဲ။ ကိုယ်ကနေစပြီးတော့ ရောဂါသယ်ဆောင်တဲ့လူတော့ မဖြစ်စေနဲ့ပေါ့” လို့ သံသာဝင်းက ပြောပါတယ်။
ကိုယ်တိုင်လည်း အိမ်မှာ အသက် ၇၀ ကျော် မိဘများနဲ့ ၃ နှစ်အရွယ် သမီးလေး ရှိတာကြောင့် အတတ်နိုင်ဆုံး အပြင်မထွက်ဘဲ စည်းကမ်းတကျ နေထိုင်တယ်လို့ ဆိုပါတယ်။

“အိမ်မှာကျတော့ အဖေရော၊ အမေရော အသက် ၇၀ ကျော်ပြီ။ သမီးလေးကလည်း ၃ နှစ် မပြည့်သေးတဲ့အခါကျတော့ Risk မယူချင်ဘူး။ ကိုယ်ကစပြီးတော့လည်း မဖြစ်ချင်ဘူး။ ဖြစ်ခဲ့သည်ရှိသော် စိတ်ပူပန်ရမယ်။ အလုပ်ရှုပ်မယ်ဆိုတော့ အတတ်နိုင်ဆုံးပေါ့။ သွားစရာရှိရင်တော့လည်း သွားရတာပေါ့။ တယောက်ချင်းစီက စည်းကမ်းတကျနဲ့ နေသွားမယ်ဆိုရင် အမြန်ဆုံးပျောက်သွားမယ်လို့ မျှော်လင့်ပါတယ်” လို့ သံသာဝင်းက ပြောပါတယ်။
အဆိုတော် သံသာဝင်းကတော့ ကိုဗစ် ပထမလှိုင်းမှာ “မျှော်လင့်မထားတဲ့ မနက်ဖြန်” ဆိုတဲ့ အင်အားဖြစ်စေမယ့် သီချင်းတပုဒ်ကို မိခင်ဖြစ်သူ တေးသံရှင် နွဲ့ယဉ်ဝင်းနဲ့ အတူ သီဆိုခဲ့ပါတယ်။
You may also like these stories:
ကိုဗစ် အလှူအတွက် ဦးဝင်းဖေရဲ့ ပန်းချီကားကို လေလံဝယ်ယူခဲ့တဲ့ မအေးသောင်း
၂၀၂၀ ရွေးကောက်ပွဲမှာ အနုပညာရှင်များ ပိုမိုတက်ကြွစွာ ပါဝင်လာ
“ဒေါ်အောင်ဆန်းစုကြည်ထံမှာ လေ့လာစရာတွေ မကုန်ဘူး”လို့ မောင်မောင်အေး ဆို